24
Jan

ပဉ္စမအကြိမ် အစိမ်းရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် ကျင်းပခြင်း

ပဉ္စမအကြိမ် အစိမ်းရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် ကျင်းပခြင်း

အဓိကအချက်များ အကျဉ်းချုပ်(Summary Highlights)

  အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ“လက်ရှိကာလ၏ အရေးတကြီးလိုအပ်မှုနှင့် စံနမူနာပြောင်းလဲမှုအတွက် မည်ကဲ့သို့ ဆောင်ရွက်မည်နည်း (Greening of Economic Growth, Challenges and opportunities-The Urgency of Now and How for Transformational Paradigm Change)”ဆောင်ပုဒ်ဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုး တိုးတက်မှု (အကျိုးအမြတ်မယူသော) အသင်းတို့ ပူးပေါင်းကျင်းပသည့် ပဉ္စမအကြိမ် အစိမ်းရောင် စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်သည် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ (၇) ရက်ကြာ ကျင်းပခဲ့သည့် ဖိုရမ်ဖွင့်ပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အဖွင့်မိန့်ခွန်းကို မြွက်ကြား ချီးမြှင့်ခဲ့ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှလည်း တက်ရောက်လာသည့် ဧည့်သည်တော်များကို ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။ နေပြည်တော်တွင် ကျင်းပသည့် ဖိုရမ်သို့ တိုင်းဒေသကြီး/ ပြည်နယ်များမှ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီး ၁၀ ဦးအပါအဝင် ၁၀၀ ဦးခန့်နှင့် Roundtables နှင့် Parallel Sessions ပါဝင် ဆွေးနွေးပြောကြားသည့် ပြည်တွင်း၊ ပြည်ပမှ ဟောပြောသူ(Speaker)များ ၁၀၀ ကျော်ခန့် စုစုပေါင်း ၅၀၀ ဦးခန့် တက်ရောက်ကြပါသည်။ ဖိုရမ်အစီအစဉ်တွင် အစိမ်းရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန်နှင့် အသိပညာနှင့် အသုံးချမှုနှင့် စပ်လျဉ်းသည့် သင့်လျော်သည့် အခြေအနေကို အကျယ်တဝင့်ဖော်ပြထားသော ဘက်စုံအစီအစဉ်တစ်ခုကို ဖော်ထုတ်နိုင်ရန် မူဝါဒများ၊ မဟာဗျူဟာများ၊ ဘဏ္ဍာရေး၊ နည်းပညာများ၊ အကောင်းဆုံးစီမံခန့်ခွဲမှုအလေ့အကျင့်များ၊ ပညာရေး၊ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေးခဲ့သည်။ အပြန်အလှန်ဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် အခွင့်အလမ်း အသစ်များကို စီးပွားရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ အစိုးရကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သုတေသန အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများမှ ပြည်တွင်း၊ ပြည်ပ ဟောပြောသူ(Speaker)များက တည်ဆောက်ပုံ(Structrure)၊ ပုံစံ(format) အမျိုးမျိုးဖြင့် အားပေးကူညီ ခဲ့ကြပါသည်။ ရန်ကုန်မြို့တွင် ရန်ကုန်တက္ကသိုလ်နှင့်ပူးပေါင်း၍ ဒီဇင်ဘာ ၆ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် (၉၆)ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားနှင့် တစ်ပေါင်းတည်း ကျင်းပသည့် ဖိုရမ်ကို ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား ဦးဝင်းခိုင်မိုး၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ဖိုးကောင်း၊ GEGG ဘုတ်အဖွဲ့ဝင် ဦးသိန်းထွန်းကိုယ်စား ဦးတင်ဝင်းအောင်တို့အသီးသီးမှ ကြိုဆိုနှုတ်ခွန်းဆက် စကားများ ပြောကြားကြပါသည်။ ပိတ်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်က အပိတ်အမှာစကား ပြောကြားပါသည်။

     အမေရိကန်သံရုံး၊ မစ်ရှင်ဒုတိယခေါင်းဆောင် H.E Kirsten F.Bauer က တက်ရောက် လာသူများကို နှုတ်ခွန်းဆက်သပြီး ထင်ပေါ်ကျော်ကြားသော ဟောပြောသူအဖြစ် ပညာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး(ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်) ပါမောက္ခ ဒေါက်တာ သန်းညွန့် က ဆောင်ရွက်ပါသည်။

     ပြည်သူနှင့် ပုဂ္ဂလိက ပူပေါင်းပါဝင်မှုဖြင့် အစိမ်းရောင်ဖော်ဆောင်ခြင်းအတွက် မူဝါဒများနှင့် လက်တွေ့ကျင့်သုံးမှုများမြှင့်တင်ရန် (PPP-G with PPP)GEGG ၏ မဟာဗျူဟာကို မီးမောင်းထိုးပြရန်အတွက် လက်တွေ့ဆောင်ရွက်မှုအဖြစ် အောက်ဖော်ပြပါ အခမ်းအနား(၂)ခုကို ကျင်းပခဲ့ပါ သည်-

(က)    မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(MES)၊ သုတေသနနှင့်   တီထွင်

         ဆန်းသစ်မှုဦးစီးဌာန (DRI) တို့ပူးပေါင်း၍ ရန်ကင်းမြို့နယ်ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ၏ GEGG  Center  of  Excellence  for

         Greening တွင်   ဒီဇင်ဘာ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ   အစိမ်းရောင်လူနေမှုစနစ်ဆိုင်ရာပြပွဲတွင်   ကျန်းမာရေးနှင့်ညီညွတ်သော   လူနေမှုပစ္စည်းများ၊

         ကိရိယာများ၊ ထုတ်ကုန်များ၊ လုပ်ငန်းစဉ်များနှင့် သုတေသန အခန်းကဏ္ဍ စသည်တို့အား ခင်းကျင်းပြသခဲ့ပါသည်။

(ခ)     Myanmar Fashion Designers Group, Talent and Models နှင့် ပူးပေါင်း၍ ဒီဇင်ဘာလ ၆ ရက်မှ ၉ ရက်နေ့အထိ မြန်မာ အစိမ်းရောင်ဖက်ရှင်

         ဒီဇိုင်းများ ပြပွဲနှင့် ပြိုင်ပွဲများကို ကျင်းပခဲ့ပါသည်။ ၎င်းပြပွဲနှင့်ပြိုင်ပွဲများတွင် အသုံးပြုသည့်ဝတ်စုံ ၁၈၀ ကျော်နှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ဖိနပ်၊

         လက်ကိုင်အိတ်၊ ပုဝါ စသည်တို့ကို သဘာဝပစ္စည်းများဖြင့် ပြုလုပ်ထားပါသည်။ သံအမတ်ကြီး(၃)ဦး၏ ဇနီးများပါဝင် သည့် နိုင်ငံတကာ ဒိုင်လူကြီးများ

         အဖွဲ့မှ ရန်ကုန်တက္ကသိုလ် Miss Green နှင့် မြန်မာ Miss Green တို့ကို သရဖူများပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

      ပြပွဲနှင့် ပြိုင်ပွဲများကို ရန်ကုန်တက္ကသိုလ် Recreational Center တွင် ကျင်းပခဲ့ပြီး မီဒီယာ များစွာ တက်ရောက်သတင်းရယူ ရိုက်ကူးထုတ်လွှင့်ကြပါသည်။ အထူးသဖြင့် ရုပ်မြင်သံကြား အစီ အစဉ်များ၊ LED ဖန်သားပြင်ကြီးများတွင် ထုတ်လွှင့်ပြသခဲ့ပြီး ဧည့်ပရိသတ် ၁၀၀၀ ကျော်နှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ပါသည်။

    အဓိက မီးမောင်းထိုးပြနေသည့် အစိမ်းရောင်လူနေမှုစနစ်၏ သတင်းစကားအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုစနစ်နှင့် လိုအပ်ချက်ကို နေအိမ်နှင့် အလုပ်ခွင်တွင် လက်တွေ့ကျင့်သုံးရန် ကောင်းမွန်စွာ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ပြပွဲနှင့် ပြိုင်ပွဲများသည် ကျန်းမာရေး၊ လူမူရေး၊ စီးပွားရေးနှင် ဂေဟစနစ်ဆိုင်ရာ အကျိုးကျေးဇူးများအတွက် နည်းလမ်းများစွာနှင့်အတူ အရင်းအမြစ်များ ချိုးခြံချွေတာခြင်းနှင့်စပ်လျဉ်း၍ အသိပညာမြှင့်တင်ရေးအတွက် အလွန်ထိရောက်သောနည်းစနစ် (Mechanism) ဖြစ်ခဲ့ပါသည်။

    နိုင်ငံတော်သမ္မတ၏ ပြောကြားချက်တွင်“ ဤဖိုရမ်သည် အရေးပါပြီး အချိန်မီပင်ဖြစ်ပါကြောင်း၊ စိန်ခေါ်မှုများ၊ ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် လိုအပ်သည့် အစီအမံများဖြင့် လွှမ်းခြုံမိစေရန် မိမိတို့သည် လက်ရှိဦးတည်ရာကိုပြောင်းလဲရန်နှင့် အစိမ်းရောင်စီးပွားရေးကို လက်ရှိအခြေအနေများအတွင်းသို့ ယူဆောင်လာရန် ရည်ရွယ်ပါကြောင်း၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးနှင့် သန့်ရှင်းသည့် စွမ်းအင်စနစ်ဆီသို့ အလျင်အမြန်ကူးပြောင်းရေးကို နိုင်ငံတကာက အသိအမှတ်ပြုထားသည့်အတွက် အစိုးရများနှင့် ပုဂ္ဂလိကကဏ္ဍများအနေဖြင့် အရေးတကြီး တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သော အဓိကကျသည့် မူဝါဒနှင့် မဟာဗျူဟာ ကတိကဝတ်များအဖြစ် လိုက်နာဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း” နိုင်ငံတော်၏ ရှေ့ဆက်ဆောင်ရွက်မည့် အစိမ်းရောင်စီးပွားရေး ကူးပြောင်းဆောင်ရွက်မှု နည်းလမ်း အချို့ကို အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည်-

  • စွမ်းအင်အသစ်နှင့်   ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ   ဖွံ့ဖြိုးတိုးတက်ရေးနှင့်အချိန်ကာလ သတ်မှတ်ချက်နှင့်အတူ   ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်   အသုံးပြုရေးအတွက် ရည်မှန်းချက် ပန်းတိုင်များချမှတ်ခြင်း၊
  • စွမ်းအင်၊ ရေ၊ မြေနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းခြင်းနှင့် အကျိုးရှိစွာအသုံးချ နိုင်ရေးအတွက် တိုးမြှင့်ဆောင်ရွက်ခြင်း၊
  • စားသုံးမှုနှင့် ထုတ်လုပ်မှုပုံစံဆိုင်ရာ အပြုအမူနှင့် အလေ့အကျင့်ကောင်းများ ပြောင်းလဲ ခြင်း၊
  • စွန့်ပစ်ပစ္စည်းကို အရင်းအမြစ်တစ်ခုအဖြစ် အလေးထားစဉ်းစားရမည့် အခြေခံသဘော တရားများ ပြောင်းလဲခြင်း၊
  • ဆန်းသစ်တီထွင်ဖန်တီးမှုများကို အထောက်အပံ့ဖြစ်စေမည့် စီပွားရေးဆိုင်ရာမက်လုံးပေး မှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ ယန္တရားများဖန်တီးခြင်းနှင့်
  • အခွင့်အလမ်းများ ပေါ်ထွက်လာစေရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ပညာရေး မြှင့်တင်ခြင်း

   သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း၏ အဖွင့်အမှာစကားတွင် ပဉ္စမအကြိမ်ဖိုရမ်သည် မိမိတို့ဝန်ကြီးဌာန၏ အစိမ်းရောင်စီးပွားရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုနှင့်စပ်လျဉ်း၍ ပထမအကြိမ်မှ စတုတ္ထအကြိမ်ထိ ကျင်းပခဲ့သည့်ဖိုရမ်များ တွင်ဆွေးနွေးခဲ့သည့် မြန်မာနိုင်ငံနှင့် သင့်လျော်သော အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများနှင့် လုပ်ငန်းများကို ချမှတ်ရန်ဖြစ်သည့် ဆုံးဖြတ်ချက်များ၊ ကတိကဝတ်များကို ထင်ဟပ်ပေါ်လွင်စေပါသည်။ ပြည်ထောင်စုဝန်ကြီးမှ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ တစ်ခုတည်းသော အဓိကစိန်ခေါ်မှုဖြစ်သည့် အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် ယှဉ်ပြိုင်တုံ့ပြန်မည့် လမ်းကြောင်းတွင် မြန်မာနိုင်ငံ၏ စတင်ပါဝင်မှုအတွက် ဤဖိုရမ်သည် အလွန်အရေးကြီးကြောင်း အလေးပေးဖော်ပြခဲ့ပါသည်။ ဤအစိမ်းရောင် အကူးအပြောင်းကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်သည့်  နိုင်ငံများ၏ အရေအတွက်မှာလည်း တိုးတက်လာပြီဖြစ်ပါသည်။

  ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်ရေးရာလှုပ်ရှားမှုအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Madam Wakako Hironaka ၏ အဓိကဟောပြောချက်တွင် မြန်မာနိုင်ငံ၏ အစိမ်းရောင်စီးပွားရေးကိုဖော်ဆောင်ရန် နက်နက်ရှိုင်းရှိုင်း အရေးတယူဆောင်ရွက်မှုအား ချီးမွန်းဖော်ပြခဲ့ပါသည်။ ပဉ္စမအကြိမ် အစိမ်းရောင် စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်သည် မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း ကို ၂၀ ရာစုက ရောက်ရှိနှင့်ပြီးဖြစ်သည့် ဂျပန်နိုင်ငံနှင့် အခြားနိုင်ငံများနှင့် မတူညီသည့် လမ်းကြောင်းမှ သွားမည်ဆိုသည်ကို မီးမောင်းထိုးပြသနေခြင်းဖြစ်ပါသည်။ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများသည် ပြင်ဆင်ရန်ခက်ခဲပြီး အထူးသဖြင့် လူသားတို့၏ ကျန်းမာရေးအပေါ် ထိခိုက်ကြောင်းကို  Minimata  ရောဂါနှင့်  Yokkaichi  ရင်ကြပ်ရောဂါဖြစ်ပွားမှုမှတစ်ဆင့်  ကမ္ဘာကသိရှိပြီးဖြစ်ပါသည်။

   ထင်ပေါ်ကျော်ကြားသူများဖြစ်သည့် ကနေဒါနိုင်ငံသံအမတ်ကြီး Karen MacArthur ၊ အိန္ဒိယ နိုင်ငံသံအမတ်ကြီး Vikram Misri နှင့် နော်ဝေနိုင်ငံသံအမတ်ကြီး Tonne Tinnes တို့က နှုတ်ခွန်း ဆက်စကားပြောကြားပြီး နိုင်ငံတော်သမ္မတကြီးနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့၏ အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဆီသို့ လျင်မြန်စွာ ကူးပြောင်းနိုင်ရေး အလွန်အရေးကြီးသည့် လိုအပ်ချက်များနှင့် ဆောင်ရွက်ရန် လိုအပ်ချက်များကို ရှင်းလင်းစွာမှာကြားခဲ့သည်များကို  ချီးမွမ်းခဲ့ပြီး  မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အသင့်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

    ရန်ကုန်တက္ကသိုလ်နှင့် ပူးပေါင်းကျင်းပခဲ့သည့် ရန်ကုန်ဖိုရမ်သည် (၉၆) ကြိမ်မြောက် ရန်ကုန် တက္ကသိုလ် နှစ်ပတ်လည်အခမ်းအနားတွင် အထူးအစီအစဉ်တစ်ရပ်အဖြစ် ထည့်သွင်းကျင်းပခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှာစကားတွင် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် စီးပွားရေးအရ အရေးပါဆုံး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့သည် အနာဂတ်တွင် လူဦးရေနှစ်ဆခန့်တိုးမြင့်လာမည်ဟု မျှော်မှန်းရပြီး လျှပ်စစ်လိုအပ်ချက်၊ ရေအထောက်အပံ့၊ စွန့်ပစ်ရေ၊ စွန့်ပစ်ပစ္စည်းများ၊ လေထုညစ်ညမ်းမှု၊ ယဉ်ကြောပိတ်ဆို့မှု၊ ပြည်သူ့ကျန်းမာရေး စသည်တို့ကို ဖြေရှင်းဆောင်ရွက်နိုင်ရန် အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအား မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဤပြဿနာများသည် အဓိကကမ္ဘာ့နိုင်ငံများတွင် ရင်ဆိုင်နေရပါကြောင်း၊ မူဝါဒနှင့် မဟာဗျူဟာများ ရေးဆွဲရန် လိုအပ်ပါကြောင်း၊ ဖိုရမ်ကို ရန်ကုန်တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်မှုသည် အလွန်သင့်လျော်ပါကြောင်း၊ ပညာရေးနှင့် လေ့ကျင့်ရေးသည် မြန်မာနိုင်ငံတွင် လိုအပ်နေသည့် အလွန်ကြီးမားသည့် လူသားအရင်းအမြစ် စွမ်းဆောင်ရည်ကို ရရှိရေးအတွက် အလွန်အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။

   ရန်ကုန်မြို့တွင်ကျင်းပသည့် ဖိုရမ်တွင် ရှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်က အပိတ်အမှာစကား အနေဖြင့် နိုင်ငံတစ်ဝန်း အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဆီသို့ မြန်မာနိုင်ငံ၏ လျင်မြန်သောအကူးအပြောင်းအတွက် အရေးကြီးသည့် လိုအပ်ချက်များကို မှာကြားခဲ့သည့် နိုင်ငံတော်သမ္မတနှင့် ဝန်ကြီးချုပ်တို့၏ မှာကြားချက်များကို အပြည့်အဝထောက်ခံပါကြောင်း  ပြောကြားခဲ့ပါသည်။