18
May

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ(၁/၂၀၁၄) အစည်းအဝေးကျင်းပခြင်း

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ(၁/၂၀၁၄) အစည်းအဝေးကို (၂၃.၁၂.၂၀၁၄) ရက်နေ့ နံနက်(၀၉:၀၀) နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၂၈)၊ ကျွန်းရွှေဝါ ခန်းမ၌ကျင်းပရာတွင်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းတက်ရောက်၍ အမှာစကား ပြောကြားပါသည်။

    အစည်းအဝေးသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဒုတိယဥက္ကဌ သမ္မတရုံး ဝန်ကြီးဌာန(၁) ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

      အစည်းအဝေးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက အမှာစကား ပြောကြားရာ၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆိုင်ရာ ပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှုဆန်းစစ်ခြင်း (Environmental and Social Impact Assessment-ESIA) အစီရင်ခံစာအပေါ် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာ စိစစ်သုံးသပ်ရေး အဖွဲ့၏ စိစစ်သုံးသပ်ချက်အစီရင်ခံစာနှင့်ပတ်သက်၍ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ၊ အပိုဒ် ၈၁ (င)ပါအကြံပြုချက်အား အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ သြစတြေးလျ နိုင်ငံအခြေစိုက် Knight Pie’sold ကုမ္ပဏီကို ငှားရမ်းခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ ပတ်ဝန်းကျင်နှင့်လူမှုရေးထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာ (ESIA report) ကို ရေးဆွဲပြုစုစေခဲ့ပါကြောင်း၊ ယင်းနောက် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ၏ ပတ်ဝန်းကျင်နှင့်လူမှုရေးထိခိုက်မှုဆန်းစစ်ခြင်း (ESIA) အစီရင်ခံစာ (ပထမမူကြမ်း) ကို မြန်မာ-ဝမ်ပေါင်ကုမ္ပဏီမှ ပေးပို့တင်ပြခဲ့ပါကြောင်း၊ အဆိုပါအစီရင်ခံစာအား စိစစ်သုံးသပ် နိုင်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် ဆက်စပ် ဝန်ကြီးဌာန (၁၈) ခု၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့မှ စိစစ်သုံးသပ်ရေးအဖွဲ့ဝင် (၃၉) ဦး အပါအဝင် ပြင်ပ ကျွမ်းကျင်ပညာရှင် (၆) ဦးပါဝင်သည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာ စိစစ်သုံးသပ်ရေးအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ စိစစ်သုံးသပ်ရေးအဖွဲ့ အနေဖြင့် ESIA အစီရင်ခံစာ (ပထမမူကြမ်း) အပေါ် စိစစ်သုံးသပ်ရာတွင် အစည်းအဝေး စုစုပေါင်း (၂၀) ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး  ဆွေးနွေးချက်ရလဒ်များအပေါ် အခြေခံ၍ ESIA အစီရင်ခံစာ (ပထမမူကြမ်း) အပေါ် စိစစ်သုံးသပ်ချက် အစီရင်ခံစာအား ၁၆-၅-၂၀၁၄ ရက်နေ့တွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌ ထံသို့ တင်ပြခဲ့ပါကြောင်း၊ ယင်းအစီရင်ခံစာတွင် စိစစ်သုံးသပ်ရေးအဖွဲ့မှ သုံးသပ်အကြံပြုထားသည့် အချက်များအပေါ် အခြေခံ၍ Knight Pie’sold ကုမ္ပဏီမှ ပြန်လည်ပြုစုတင်ပြလာသည့် ပတ်ဝန်းကျင်နှင့်လူမှုရေးထိခိုက်မှုဆန်းစစ်ခြင်း (ESIA) အစီရင်ခံစာ (ဒုတိယမူကြမ်း) အပေါ် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ပြီးနောက် စိစစ်သုံးသပ်ရေးအဖွဲ့၏ စိစစ်သုံးသပ်ချက် အစီရင်ခံစာအား (၁၀-၁၁-၂၀၁၄) ရက်နေ့တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီအောက်ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှတစ်ဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီထံသို့ တင်ပြခဲ့ပါကြောင်း၊ သို့ဖြစ်၍ အဆိုပါစိစစ်သုံးသပ်ချက် အစီရင်ခံစာတွင် ပါရှိသည့်အချက်များအပေါ် အခြေခံ၍ စိစစ်သုံးသပ်ရေးအဖွဲ့မှ အကြံပြု ထားသည့် အချက်များအား ESIA အစီရင်ခံစာတွင် ထည့်သွင်းရေးသားနိုင်ရေးအတွက် သက်ဆိုင်ရာ မြန်မာဝမ်ပေါင် ကုမ္ပဏီမှ ပြည့်စုံစွာပြုစုပြီး အပြီးသတ်အစီရင်ခံစာ ပြန်လည် တင်ပြရန်နှင့်အဆိုပါ ပြန်လည်ပြုစုတင်ပြလာမည့် ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်း အပြီးသတ်အစီရင်ခံစာအား ပြန်လည်စိစစ်ပြီး အချက်အလက်များ ပြည့်စုံပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တက်ရောက်လာသည့် အဖွဲ့ဝင်များအားလုံးမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြား သွားပါသည်။

       ဆက်လက်၍ အစီအစဉ်အရ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာ စိစစ် သုံးသပ်ရေး အဖွဲ့ဥက္ကဌ၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၏ ပတ်ဝန်းကျင်နှင့်လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာစိစစ်သုံးသပ်ခြင်းဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ကော်မတီဝင်များက ရှင်းလင်းတင်ပြချက်အပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြကြပါသည်။

           ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအတွင်းရေးမှူး ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးက အစည်းအဝေးမှ ချမှတ်သော မှတ်တမ်းတင်ခြင်းနှင့် ဆုံးဖြတ်ချက်များကို ဖတ်ကြားတင်ပြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို နံနက် (၁၁း၅၀) နာရီတွင် ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိပါသည်။