18
May

မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစည်းအဝေးများကျင်းပခြင်း

မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစည်းအဝေးများကျင်းပခြင်း မြန်မာနိုင်ငံ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေး ဘဏ်၊ မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပင်မအစီအစဉ် (GMS Core Environment Program) တို့ ပူးပေါင်း၍ မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစည်းအဝေးများကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၀၈:၃၀ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ တပြိုင်နက်တည်း (parallel) (၄)ခု ခွဲ၍ သဘာဝအရင်းအမြစ်များ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာဖိုရမ် (Natural Capital Business Forum) ၊ ကျင်းပခဲ့သည့် ဇီဝ မျိုးစုံ မျိုးကွဲ နယ်မြေဆိုင်ရာဖိုရမ် (Biodiversity Landscapes Forum) ၊ မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (Senior Officials’ Meeting) နှင့် ပတ်ဝန်းကျင်ဆိုင်ရာလူငယ်အစည်းအဝေး (Environment Youth Meeting) တို့ကို ကျင်းပခဲ့ ကြောင်း သိရှိရပါသည်။ သဘာဝအရင်းအမြစ်များ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဖိုရမ် (Natural Capital Business Forum) ကျင်းပခြင်း ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၀၈:၃၀ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပခဲ့သည့် သဘာဝအရင်းအမြစ်များ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဖိုရမ် (Natural Capital Business Forum) ဖွင့်ပွဲအခမ်းအနားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံ အစီအစဉ်၊ ဌာနေကိုယ်စားလှယ် Mr. Winfried Wincklein တို့က အဖွင့်အမှာစကား ပြောကြားပါသည်။ သဘာဝအရင်းအမြစ်များ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖိုရမ် (Natural Capital Business Forum) ၏ ဆောင်ပုဒ် (Theme) မှာ“မဟာမဲခေါင်ဒေသခွဲနိုင်ငံများအတွင်း အနာဂတ် အကျိုးစီးပွားဖြစ်ထွန်းဖို့ ပြည်သူနှင့် ပုဂ္ဂလိကအခန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်စို့” (Investing in Natural Capital: Public Private Cooperation for Future Prosperity in the Greater Mekong Subregion) ဖြစ်ပြီး ဖိုရမ်သို့ မဟာမဲခေါင်ဒေသခွဲ ရင်းနှီးမြှုပ်နှံသူများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း ကိုယ်စားလှယ် (၉၁) ဦး တက်ရောက်ခဲ့ပါသည်။ ဖိုရမ်တွင် မဟာမဲခေါင်ဒေသခွဲအတွင်း သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲမှု အကြောင်းအရာ၊ သဘာဝအရင်းအမြစ်များ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အကြောင်းအရာ၊ တန်ဖိုးချိတ်ဆက်မှု (Value Chain) မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းအကြောင်းအရာ၊ အစိမ်းရောင် ကုန်သွယ်မှုတွင် သဘာဝအရင်းအမြစ်များအား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းအကြောင်းအရာများကို ဆွေးနွေးကြပါ သည်။ ဆက်လက်၍ သဘာဝအရင်းအမြစ်များတွင် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ ထည့်သွင်း ပေါင်းစပ်ဆောင်ရွက်ခြင်း၊ တန်ဖိုးချိတ်ဆက်မှုမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်း၊ ပတ်ဝန်း ကျင်အပေါ် ထိခိုက်မှုမရှိစေသော/ လျော့နည်းစေသော အစိမ်းရောင် ကုန်သွယ်မှုတွင် သဘာဝ အရင်းအမြစ်များအား ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံခြင်းတို့ကို လုပ်ငန်းအဖွဲ့ (၃) ဖွဲ့ခွဲ၍ ဆွေးနွေး ခြင်းနှင့် သဘာဝ အရင်းအမြစ်များ ရင်းနှီးမြှုပ်နှံမှုစီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အတွေ့ အကြုံများ ဖလှယ်ခြင်းတို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ဇီဝမျိုးစုံမျိုးကွဲနယ်မြေဆိုင်ရာဖိုရမ် (Biodiversity Landscapes Forum) ကျင်းပခြင်း ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၀၈:၃၀ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲနယ်မြေဆိုင်ရာဖိုရမ် (Biodiversity Landscapes Forum) ဖွင့်ပွဲအခမ်းအနားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ အကြီးတန်းပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် Mr. Bruce Dunn ၊ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ကွန်ဗင်းရှင်းအတွင်းရေးမှူးရုံးမှ Mr. Cahrles Besancon တို့က အဖွင့်အမှာစကား ပြောကြားပါသည်။ ဇီဝမျိုးစုံမျိုးကွဲနယ်မြေဆိုင်ရာဖိုရမ်၏ ဆောင်ပုဒ်မှာ “ဇီဝမျိုးစုံမျိုးကွဲနယ်မြေဆိုင်ရာ စီမံအုပ်ချုပ်မှု မဟာဗျူဟာချမှတ်ဆောင်ရွက်ဖို့ ပူးပေါင်း ဆောင်ရွက်စို့” (Designing mechanisms and building partnerships for the strategic planning and management fo transboundary and other biodiversity landscapes) ဖြစ်ပြီး စုစုပေါင်း ကိုယ်စားလှယ် (၆၉) ဦး တက်ရောက်ခဲ့ပါသည်။ ဖိုရမ်တွင် မဟာမဲခေါင်ဒေသခွဲအတွင်း ဇီဝမျိုးစုံမျိုးကွဲနယ်မြေဆိုင်ရာအကြောင်းအရာများ၊ ဇီဝမျိုးစုံမျိုးကွဲ နယ်မြေစီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများ၊ အတွေ့အကြုံများအား ဖလှယ်ခြင်း တို့ကို ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ဖိုရမ်တွင် လုပ်ငန်းအဖွဲ့ (၃) ဖွဲ့ခွဲ၍ မဲခေါင်မြစ်ဖျားခံ နယ်မြေနှင့် ထိစပ်လျက်ရှိသော ဇီဝမျိုးစုံမျိုးကွဲနယ်မြေများ၊ တနင်္သာရီဒေသနှင့် ထိစပ်လျက်ရှိသော ဇီဝမျိုးစုံမျိုးကွဲနယ်မြေများ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် (၃) နိုင်ငံ နယ်နမိတ် ထိစပ် လျက်ရှိသော သစ်တော ဇီဝမျိုးစုံမျိုးကွဲနယ်မြေများဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (Senior Officials’ Meeting) ကျင်းပခြင်း မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (Senior Officials’ Meeting) ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၀၈:၃၀ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပရာ အစည်းအဝေးသဘာပတိအဖြစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းနှင့် တွဲဘက်သဘာပတိ အဖြစ် အာရှဖွံ့ဖြိုးရေးဘဏ်၊ သဘာဝသယံဇာတအရင်းအမြစ်များစီမံခန့်ခွဲမှုအကြီးတန်း ကျွမ်းကျင် ပညာရှင် Mr. Sanath Ranawana တို့က ဆောင်ရွက်ပါသည်။ အစည်းအဝေးသို့ မဟာ မဲခေါင်ဒေသခွဲ(၆)နိုင်ငံမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် အာရှဖွံ့ဖြိုးရေး ဘဏ်၊ မဟာမဲခေါင်ဒေသခွဲပတ်ဝန်းကျင်ထိန်းသိမ်းရေးပင်မအစီအစဉ်မှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း ကိုယ်စားလှယ် (၄၅) ဦး တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ဇန်နဝါရီလ ၂၉ ရက်နေ့၌ ကျင်းပမည့် စတုတ္ထအကြိမ် မဟာမဲခေါင် ဒေသခွဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးများအစည်းအဝေး (Fourth GMS Environmental Ministers’ Meeting- EMM4) ၏ နည်းပညာပိုင်းဆိုင်ရာကိစ္စများ၊ EMM4 အတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှုကိစ္စများ၊ EMM 4 တွင် ထုတ်ပြန်ကြေညာမည့် ဝန်ကြီးများ ပူးတွဲ ကြေညာချက် (Joint Ministerial Statement- final draft) အပြီးသတ်မူကြမ်းကို ဆွေးနွေးခြင်း နှင့် ၂၀၁၅ ခုနှစ်အတွင်း ကျင်းပရန်ရှိသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းအဖွဲ့ အစည်း အဝေးများ ကျင်းပမည့် နေ့ရက်နှင့် နေရာတို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ပတ်ဝန်းကျင်ဆိုင်ရာလူငယ်အစည်းအဝေး (Environment Youth Meeting) ကျင်းပခြင်း ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၀၈:၃၀ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ ပတ်ဝန်းကျင်ဆိုင်ရာလူငယ်အစည်းအဝေး (Environment Youth Meeting) ကို ကျင်းပရာ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူငယ်စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေး၏ ဆောင်ပုဒ်မှာ “သဘာဝအရင်းအမြစ်များ ရင်းနှီး မြှုပ်နှံရာတွင် လူငယ်များ ပူးပေါင်းပါဝင်ရင်းနှီးမြှုပ်နှံရန်” (Investing in Natural Capacity is Investing in Youth) ဖြစ်ပါသည်။ အစည်းအဝေးတွင် မဟာမဲခေါင်ဒေသခွဲ အတွင်း သဘာဝ အရင်းအမြစ်များ၊ မဟာမဲခေါင်ဒေသခွဲ လူငယ်လူရွယ်များမှ ဒေသတွင်း ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ယက်နှင့် ဆက်သွယ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သဘာဝ အရင်းအမြစ်များ ရင်းနှီးမြှုပ်နှံမှုတွင် လူငယ်လူရွယ်များမှ ပတ်ဝန်းကျင်ဆိုင်ရာ ဆောင်ရွက်မည့် အဆိုပြုလွှာများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။