03
Nov

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင်ကျင်းပသော ဦးစီးရုံးချုပ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် တိုင်းဒေသကြီး/ပြည်နယ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခြင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့၊ နံနက်ပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန၌ ကျင်းပသော ဦးစီးရုံးချုပ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ရေရှည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးသည် အရေးကြီးသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း၊ လက်ရှိပစ္စုပ္ပန်တွင် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်များကို ထိန်းသိမ်းနိုင်ရန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းပေးနိုင်ရန် သဘာဝ ပတ်ဝန်းကျင်၊ သယံဇာတအရင်းအမြစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး သည် ဌာန၏ အဓိကတာဝန်တစ်ရပ်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် နှစ်စဉ်ရင်ဆိုင်ကြုံတွေ့ နေရသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် စိန်ခေါ်မှုများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထိရောက်စွာ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ၊ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်၊ စွန့်ပစ်ပစ္စည်းဆိုင်ရာ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ထုတ်ပြန်ထားပြီး သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်၍ ရလဒ်ကောင်း များရရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပတ်ဝန်းကျင်လေထု၊ ရေထု အရည် အသွေးကိုသိရှိရန်နှင့် ပတ်ဝန်းကျင်အရည်အသွေး စံချိန်စံညွှန်းများ‌ ရေးဆွဲနိုင်ရန်အတွက် အချက် အလက်များကို အဆက်မပြတ်တိုင်းတာရယူပြီး ရလဒ်များကို ပုံမှန်ထုတ်ပြန်ပေးသွားရန်လိုကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အတည်ပြုထုတ်ပြန် ပြီးသည့် EIA / IEE / EMP အစီအမံများအပေါ် တိကျစွာလိုက်နာ ဆောင်ရွက်ရန် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပင်လယ်သမုဒ္ဒရာထဲသို့ ရောက်ရှိလာသည့် ပလတ်စတစ်နှင့် စွန့်ပစ်အမှိုက်များ၏ ၈၀ ရာခိုင်နှုန်းသည် ကုန်တွင်းပိုင်းမှ ဝင်ရောက် နေခြင်းဖြစ်သည့်အတွက် ပလတ်စတစ်နှင့်အမှိုက်စွန့်ပစ်မှုကို စည်းကမ်းတကျဖြစ်စေရန် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန် လိုကြောင်း၊ အာဆီယံနိုင်ငံများတွင် ပွင့်လင်းရာသီများ၌ မီးနှင့်ပတ်သက်၍ ကြုံတွေ့ရသော နိုင်ငံအလိုက် Hotspot ဖြစ်ပွားမှုတွင် မြန်မာနိုင်ငံ အနေဖြင့် Hotspot ဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဌာန ရည်မှန်းချက်၊ တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းများအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် ပေါင်းစပ် ဆောင်ရွက်သွားရန်မှာကြားသည်။

အဆိုပါအစည်းအဝေးသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပြီး၊ တိုင်းဒေသကြီး/ပြည်နယ် တို့မှ တာဝန်ခံများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။