11
May

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းအဆင့်ဆင့်တွင် အများပြည်သူပူးပေါင်းပါဝင်ခြင်း ဆိုင်ရာ လမ်းညွှန်ချက် (မူကြမ်း) နှင့်ပတ်သက်သည့် အကြံပြုဆွေးနွေးပွဲ

” ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းအဆင့်ဆင့်တွင် အများပြည်သူပူးပေါင်းပါဝင်ခြင်း ဆိုင်ရာ လမ်းညွှန်ချက် (မူကြမ်း) နှင့်ပတ်သက်သည့် အကြံပြုဆွေးနွေးပွဲ ” ကျင်းပခြင်း သတင်းထုတ်ပြန်ချက်

(၁၁-၅-၂၀၁၇၊ ရုံးအမှတ်(၅၃)၊ နေပြည်တော်)

        သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် Vermont Law School တို့ ပူးပေါင်းကျင်းပသည့် ” ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ် ခြင်းလုပ်ငန်း အဆင့်ဆင့်တွင် အများပြည်သူပူးပေါင်းပါဝင်ခြင်းဆိုင်ရာ လမ်းညွှန်ချက် (မူကြမ်း) နှင့်ပတ်သက်သည့် အကြံပြုဆွေးနွေးပွဲ ” အခမ်းအနားကို ၁၁-၅-၂၀၁၇ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၅၃)၌ ကျင်းပရာ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာ စိစစ်သုံးသပ်ရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော် များနှင့် တာဝန်ရှိသူများ စုစုပေါင်း(၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အကြံပြုဆွေးနွေးပွဲ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကာကွယ်ရေး/သယံဇာတ) ဦးစိန်ထွန်းလင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဆွေးနွေးမည့် “ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းအဆင့်ဆင့်တွင် ပြည်သူလူထုပူးပေါင်းပါဝင်ရေး ဆိုင်ရာလမ်းညွှန်ချက်” သည် ကဏ္ဍအသီးသီးမှ လူ/လူအုပ်စုမျိုးစုံနှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေမှာဖြစ်သည့်အတွက် မတူကွဲပြားသော ကဏ္ဍအမျိုးမျိုးမှ စုံစုံညီညီတက်ရောက်ပြီး ပါဝင်ဆွေးနွေရန် အရေးကြီးပါကြောင်း၊ ထို့အတူ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ရာမှ ပုဂ္ဂလိကများသာမက အစိုးရဌာနများလည်းပါဝင်ပြီး လမ်းညွှန်ချက်(မူကြမ်း) ရေးဆွဲရာမှ သက်ဆိုင်ရာ အစိုးရဌာနများ၏ သဘောထားအမြင်များ၊ သဘောထားမှတ်ချက်များကို ကြားသိနိုင်ဖို့ မျှော်လင့်ပါကြောင်း၊ တက်ရောက်လာသော ကိုယ်စားလှယ်များ၏ အကြံပြုသုံးသပ်ချက်များသည် လက်ရှိ ဆွေးနွေးနေဆဲမူကြမ်းမှ နောက်ဆုံးအဆင့်မူကြမ်းအဖြစ် မွမ်းမံရေးဆွဲရာမှာ တန်ဖိုးမဖြတ်နိုင်သော ရင်းနှီးထည့်ဝင်မှုများ ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း နည်းစနစ်ဟုဆိုလျှင် မြန်မာနိုင်ငံအတွက် အသစ်သာသာမျှသာရှိပြီး ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်း (EIA Procedure) ဆိုရာမှာ ၂၀၁၂ခုနှစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေအရ ရေးဆွဲပြဌာန်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ခုနှစ် ဒီဇင်ဘာလမှ တရားဝင် စတင်အကောင်အထည် ဖော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရှေ့ဆက် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည့် ကျွန်တော်တို့ နိုင်ငံအတွက် ပတ်ဝန်းကျင်ဆိုင်ရာ ဘေးကင်းလုံခြုံရေး အစီအမံတစ်ရပ်၊ အချက်အချာကျသော ရလာဒ်အသစ်တစ်ခုသာဖြစ်ပါကြောင်း၊ အဆိုပါ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးကင်းလုံခြုံရေး အစီအမံများသည် မြန်မာနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်မှု လုပ်ငန်းများအားလုံးတွင် လက်ရှိအခြေအနေအရ လွန်စွာအရေးပါလှပါကြောင်း၊ ကျွန်တော်တို့အားလုံး၏ အနာဂတ်ကာလတိုင်း စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကျန်းမာသန့်ရှင်းသော သဘာဝပတ်ဝန်းကျင်နှင့် ကောင်းစွာ ညီညွတ်မျှတစွာ လည်ပတ်ဝန်ဆောင်မှုပေးနေသော ဂေဟစနစ်တစ်ခု လိုအပ်သည် ဆိုသည်ကို မည်သူမျှငြင်းနိုင်မှာမဟုတ်ကြောင်း၊ ကျွန်တော်တို့နိုင်ငံ၏ တိုးတက်နေသော စီးပွားရေး ဖွံ့ဖြိုးမှု အရှိန်အဟုန်နှင့်အမျှ လက်ရှိ ပတ်ဝန်းကျင် အခြေအနေအပေါ် များစွာသော အမျိုးမျိုးသော ဖိအားများ၊ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရပါကြောင်း၊ ဥပမာအားဖြင့် စွမ်းအင်ကဏ္ဍ၊ အခြေခံအဆောက်အအုံများ၊ စက်မှုကဏ္ဍနှင့် ကုန်ထုတ်လုပ်မှု စက်ရုံများတိုးချဲ့တည်ဆောက်ခြင်း၊ စိုက်ပျိုးရေးကဏ္ဍချဲ့ထွင်မှု၊ လူနေအိမ်ရာများနှင့် ဟိုတယ်များတည်ဆောက်ခြင်း၊ ဓာတ်သတ္တု တူး ဖော်ရေး အစီအစဉ်များ စသည့် အမျိုးမျိုးသော စီးပွားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းများ၏ အရေအတွက်/ နယ်ပယ်အတိုင်းအတာ တိုးတက်မြင့်မားလျက်ရှိနေပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လုပ် ဆောင်ချက်များကြောင့် ဇီဝမျိုးစုံမျိုးကွဲ စုံလင်ကြွယ်ဝသော သဘာဝပတ်ဝန်းကျင်နှင့် မတူကွဲပြား သော ရိုးရာယဉ်ကျေးမှု၊ လူမျိုးစုရေးရာ အစဉ်အလာနှင့် လူမှုရေးဆိုင်ရာကိစ္စများအပေါ် ကောင်းကျိုး/ ဆိုးကျိုး စသည့် သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်းမှာလည်း သတင်းအချက်အလက် ပြည့်စုံလုံလောက်စွာ ဖြန့်ဝေပေးရေး၊ ဆွေးနွေးညှိနှိုင်းမည့် အစီအမံများ တည်ဆောက်ထားရှိစေရေး စသည့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း နည်းလမ်းတစ်လျှောက်မှာ အများပြည်သူ ပူးပေါင်းပါဝင်ခွင့်ရရှိရေးဆိုင်ရာ လိုအပ်ချက်များကို ပြဌာန်းထားပါကြောင်း၊ မြန်မာနိုင်ငံမှာ ပြည်သူလူထု ပူးပေါင်းပါဝင်ရေးကိစ္စမှာ အသစ်အဆန်းသဖွယ် ဖြစ်နေကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ၊ စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာရေးသားပြုစုသူ EIA အကြံပေးပုဂ္ဂိုလ်များ၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာများကို စိစစ်သုံးသပ်ကြီးကြပ်နေသော သက်ဆိုင်ရာအဖွဲ့အစည်း၊ အစိုးရ အရာထမ်း/ အမှုထမ်းများနှင့် စီမံကိန်းအဆိုပြုလွှာကို စိတ်ပါဝင်စားသူ (သို့မဟုတ်) စီမံကိန်းနှင့် တစ်နည်းနည်းဖြင့် ဆက်စပ်နှီးနွယ်နိုင်သူ မည်သူမဆို ပတ်ဝန်းကျင်ထိခိုက်မှုလုပ်ငန်းစဉ် အဆင့် ဆင့်တွင် ပူးပေါင်းပါဝင် ဆွေးနွေးနိုင်မှုသည် အတိုင်းအတာတစ်ရပ်အထိ ပြည့်စုံနိုင်သော လမ်းညွှန်ချက်တစ်ရပ် လိုအပ်ပါကြောင်း၊ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ရန်ပုံငွေပံ့ပိုးပေးသော ပတ်ဝန်းကျင်ရေးရာ မဲခေါင်မဟာမိတ်စီမံကိန်း၏ အထောက်အပံ့ဖြင့် Vermont Law School ၏ နည်းပညာအကူအညီရယူပြီး လမ်းညွှန်ချက်အား ရေးဆွဲခြင်းဖြစ်ကြောင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် လမ်းညွှန်ချက်ကို ရေးဆွဲချမှတ်ခြင်းဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်းတွင် ဖော်ပြထားသော အများပြည်သူ ပူးပေါင်းပါဝင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ခိုင်မာအားကောင်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။ အကြံပြုဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ Vermont Law School မှ လမ်းညွှန်ချက် (မူကြမ်း) နှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြခြင်းနှင့် တက်ရောက်လာသည့် ကိုယ်စားလှယ်များက ရင်းနှီးပွင့်လင်းစွာ အကြံပြုဆွေးနွေးခဲ့ကြပြီး (၁၆း၃၀) နာရီတွင် ဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                                                                                             သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန