10
Aug

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ (၁/၂၀၁၆) ညှိနှိုင်းစည်းအဝေး ကျင်ပခြင်း(၁၀-၈-၂၀၁၆၊ ကျွန်းရွှေဝါခန်းမ၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ နာယကအဖြစ်ပါဝင်သော အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟို ကော်မတီ(၁/၂၀၁၆) ညှိနှိုင်းအစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့၊ နံနက် (၉:၃၀) အချိန်တွင်  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈)၊ ကျွန်းရွှေဝါခန်းမ၌ကျင်းပရာ ဗဟိုကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

    ဒုတိယသမ္မတ ဦးမြင့်ဆွေက အဖွင့်အမှာစကားပြောကြားရာတွင် – ကမ္ဘာ့လူဦးရေ တိုးတက်လာသည်နှင့်အမျှ လိုအပ်ချက်များဖြည့်ဆည်းနိုင်ရန်အတွက် သဘာဝသယံဇာတအရင်းအမြစ်များ အလွန်အကျွံထုတ်ယူသုံးစွဲမှုကြောင့် သယံဇာတများလျော့နည်းဆုံးရှုံးလာပြီး သစ်တောများပြုန်းတီး ခြင်း၊ ဂေဟစနစ်များပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းလာခြင်း၊ ရေအရင်းအမြစ်များ ရှားပါးလာခြင်းတို့ဖြစ်ပေါ်လာသလို အခြားတစ်ဖက်တွင်လည်း နည်းပညာများတီထွင်ခြင်း၊ စက်မှုလက်မှုများ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့နှင့်အတူ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင် လာခြင်းတို့ကြောင့် ထွက်ရှိလာသည့် ဘေးအန္တရာယ်ရှိ ဓာတုစွန့်ပစ်ပစ္စည်းများ၊ လျှပ်စစ်စွန့်ပစ်ပစ္စည်းအပါအဝင် စွန့်ပစ်ပစ္စည်းအမျိုးမျိုးတို့ကို စနစ်တကျ စီမံထိန်းသိမ်းစွန့်ပစ်ခြင်းမပြုဘဲ မြေပြင်ပေါ်တွင်စုပုံခြင်းနှင့် မြစ်ချောင်းများအတွင်းသို့ စွန့်ပစ်ခြင်းများကြောင့်လည်းကောင်း၊ စက်ရုံ၊ အလုပ်ရုံများ၊ ယာဉ်ယန္တရားအမျိုးမျိုးမှ အခိုးအငွေ့များ၊ ဓာတ်ငွေ့များ၊ အမှုန်များစွန့်ထုတ်မှုကြောင့် လည်းကောင်း ရေထု၊ မြေထုနှင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာရပြီး သက်ရှိလူနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိခိုက်ပျက်စီးမှုများနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုပြဿနာများကို မိမိတို့ မြန်မာ နိုင်ငံအပါအဝင် ကမ္ဘာအနှံ့ကြုံတွေ့နေရကြောင်း၊ ပတ်ဝန်းကျင်ယိုယွင်းမှုပြဿနာများတွင် ယနေ့ ကမ္ဘာကြီး၏ သက်ရှိလူသားများကို ခြိမ်းခြောက်နေသော အဓိက ပြဿနာတစ်ခုမှာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်ပြီး မုန်တိုင်းများတိုက်ခတ်ခြင်း၊ ပုံမမှန် မိုးရွာသွန်း မှုများကြောင့် ရေကြီးခြင်းအပြင် တစ်ဖက်တွင်လည်း အပူလှိုင်း၊ အအေးလှိုင်းများ ကျရောက်ခြင်း၊ ပင်လယ်‌ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ အက်စစ်မိုး ရွာသွန်းခြင်း၊ အိုဇုန်းလွှာ ပျက်စီးခြင်း စသည့့် ဆိုးကျိုးဖြစ်စဉ်များကို ကမ္ဘာအနှံ့ကြုံတွေ့နေကြရကြောင်း၊ ထိုကဲ့သို့ ရာသီဥတုပြောင်းလဲမှု အပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများသည် မိမိတို့၏ သက်ရှိလောက ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမှုလျှော့ချရေးတို့အတွက် အဓိကစိန်ခေါ်မှု ဖြစ်ကြောင်း၊ ထို့ကြောင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုသာမက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုပါ မဖြစ်မနေ ပိုပြီးအလေးထား ဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေကြောင်း၊ နိုင်ငံတော်၏စီးပွားရေး ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပတ်ဝန်းကျင်ကဏ္ဍကို ကဏ္ဍအသီးသီးတွင် မဖြစ်မနေ ပေါင်းစပ်ဆောင်ရွက်နိုင်ရန်နှင့် ချမှတ်ထားသည့် မူဝါဒများအပေါ်တွင် ဥပဒေကြောင်းအရ လိုက်နာဆောင်ရွက်နိုင်ရန်  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၅ နှင့် ပုဒ်မ ၃၉၀ တို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏တာဝန်အဖြစ် သတ်မှတ်ပြဋ္ဌာန်းထားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေကို ၂၀၁၂ ခုနှစ် မတ်လတွင်လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေများကို ၂၀၁၄ ခုနှစ် ဇွန်လတွင် လည်းကောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့် အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု)လမ်းညွှန်ချက်တို့ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် လည်းကောင်း အသီးသီး ပြဋ္ဌာန်းပြီးဖြစ်၍ ကဏ္ဍအသီးသီး၏ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစီမံကိန်းများတွင် ထည့်သွင်းပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်လာပြီဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် ကဏ္ဍပေါင်းစုံနှင့်ဆက်စပ်နေသည့်အတွက် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများအားလုံးက ဟန်ချက်ညီညီနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားနိုင်ရန် မူဝါဒဆိုင်ရာလမ်းညွှန်ကြီးကြပ်မည့် အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ဆောင်ရွက် ရန် ၂၀၁၂ ခုနှစ် မတ်လတွင် ပြဋ္ဌာန်းခဲ့သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၄ အရ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားနိုင်ရန် ယခင်အစိုးရလက်ထက်ကဖွဲ့စည်းခဲ့သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီကို ပြင်ဆင်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့က ၂-၆-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာ ၃၅/၂၀၁၆ ဖြင့် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီကို ဖွဲ့စည်းကာ လုပ်ငန်း တာဝန်(၂၆)ရပ်ကို သတ်မှတ်ပေးခဲ့ပါကြောင်း၊ ဗဟိုကော်မတီ၏ ကြီးကြပ်မှုအောက်တွင် ဗဟိုအဆင့် လုပ်ငန်းကော်မတီ(၆)ရပ်နှင့် တာဝန်များကိုလည်းကောင်း၊ နေပြည်တော် ကောင်စီအပါအဝင်တိုင်း ဒေသကြီး/ပြည်နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီများကိုလည်းကောင်း နိုင်ငံတော်အစိုးရ အဖွဲ့မှ ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းဆိုသည်မှာ မိမိတို့၏ သားစဉ် မြေးဆက်များကို ကောင်းမွန်သန့်ရှင်းသော ပတ်ဝန်းကျင်အခြေအနေကောင်းများ လက်ဆင့်ကမ်း ပေးနိုင်ရန်ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အလွန်မွန်မြတ်လှသောလုပ်ငန်းဖြစ်ကြောင်း၊ ထိုမွန်မြတ်သည့် လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရန် နိုင်ငံတော်က တာဝန်ပေးအပ်လာသည့်အတွက် မိမိတို့ သည် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် နိုင်ငံတော်ကြီး ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းတာဝန်များကို  နိုင်ငံတော်က ချမှတ်ထားသည့် အမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေများနှင့်အညီ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်လျက်ရှိရာတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို အရှိန်အဟုန်မြှင့် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့နိုင်ငံ၏ ကြွယ်ဝသည့် သဘာဝသယံဇာတများကလည်း ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကိုများစွာ ဆွဲဆောင်လျက်ရှိနေကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သည့်အခါတွင် စီးပွားဖွံ့ဖြိုးမှုနှင့်အတူ ပတ်ဝန်းကျင် ထိခိုက်ယိုယွင်းစေမှုများ ယှဉ်တွဲပါရှိလာနိုင်သည့်အတွက် မိမိတို့အနေဖြင့် ထိရောက်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးကို အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယခင်က စီးပွားရေးဖွံ့ဖြိုးမှုသက်သက်သာ အလေးပေးဆောင်ရွက်ခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးကို ထိထိရောက်ရောက်ဆောင်ရွက်ခြင်း မရှိခဲ့သည့်အတွက် ယနေ့အချိန်တွင် သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ယိုယွင်းပျက်စီးမှုများ၊ ရေ လေ မြေ ပတ်ဝန်းကျင်ညစ်ညမ်းမှုများအပြင် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးဖြစ်စဉ် သာဓကများသည် မိမိတို့ နိုင်ငံသူ/နိုင်ငံသားများ၏ အသက်ရှင်ရပ်တည်မှုနှင့် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုများကို ခြိမ်းခြောက်နေသည့် အဓိကရင်ဆိုင်ဖြေရှင်းရမည့် ကိစ္စရပ်များဖြစ်ကြောင်း၊ သာဓကအနေဖြင့် ၂၀၀၈ ခုနှစ်တွင်  ခါးခါး သီးသီးကြုံတွေ့ခဲ့ရသည့် နာဂစ်မုန်တိုင်းနှင့်နှစ်စဉ်နီးပါးကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်များ၊  လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဇူလိုင်နှင့် သြဂုတ်လတွင် တစ်နိုင်ငံလုံးနီးပါး ရေလွှမ်းမိုးခဲ့သည့် ဖြစ်စဉ် များသည် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများဖြစ်သည်ကို  အားလုံးအသိပဲဖြစ်ကြောင်း၊ ကမ္ဘာ့ ရာသီဥတုဆိုင်ရာပညာရှင်များ၏ လေ့လာဆန်းစစ်ချက်အရ မြန်မာနိုင်ငံသည် ကမ္ဘာတွင် ရာသီဥတုပြောင်းလဲမှုထိခိုက်အလွယ်ဆုံး ဒုတိယအဆင့်နေရာတွင် ရှိနေသည်ဟု သိရှိရကြောင်း၊ တစ်ဖက်တွင် လည်း နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် သဘာဝသယံဇာတများအပေါ်တွင် အဓိက မှီခိုအားထားနေရသည့်အတွက် သစ်တော၊ သတ္တု၊ ရေသယံဇာတနှင့် ဇီဝမျိုးစုံမျိုးကွဲစသည့် သယံ ဇာတအရင်းအမြစ်များ ယိုယွင်းလာမှုကိုလည်း အထင်အရှားတွေ့နေရပါကြောင်း၊ ထို့ကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ လိုက်လျောညီထွေရှိစေရေး ကိစ္စ ရပ်များကို ဦးစားပေးတစ်ရပ်အနေဖြင့် ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာလုပ်ငန်းအစီအစဉ်(National Comprehensive Development Plan)၏ သတ်မှတ်ပြဌာန်းချက်အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များနှင့်ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာကိစ္စရပ်များကို ပေါင်းစပ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ယခုအချိန်တွင် လက်ရှိ ပြုပြင်ပြောင်းလဲနေသည့် အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးတို့ဖြင့် လိုက်လျောညီထွေရှိစေမည့် အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်၊ အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာမူဘောင်၊ အမျိုးသားအဆင့် နှင့်မြို့တော်အဆင့် စွန့်ပစ်ပစ္စည်းဆိုင်ရာမဟာဗျူဟာနှင့်လုပ်ငန်းအစီအစဉ်များ၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းစီမံမှု ပင်မလုပ်ငန်းစီမံချက်များကို နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်းပညာ အကူအညီဖြင့် ရေးဆွဲဆောင်ရွက်နေသည်ကို သိရှိရကြောင်း၊ ဤကဲသို့သော မူဝါဒများ၊ မဟာဗျူဟာ များ၊ ပင်မလုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပါဝင်ပတ်သက်သူ အားလုံးဘက်စုံ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးကြောင်း၊ မိမိတို့ ဗဟိုကော်မတီနှင့် ဗဟိုအဆင့် လုပ်ငန်း‌ကော်မတီများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာလုပ်ငန်းများကို အမျိုးသားအဆင့်တွင် ကဏ္ဍအလိုက်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ် အဆင့်၊ နောက်ဆုံး ခရိုင်/မြို့နယ် အဆင့်အထိ ကဏ္ဍ အသီးသီး၏ လုပ်ငန်းစီမံကိန်းများတွင် ထိထိရောက်ရောက် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကြီးကြပ်မှုကော်မတီများသည် ဦးဆောင် အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ကြီးကြပ်လမ်းညွှန် ပေါင်းစပ်ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေးတွင် ဗဟိုကော်မတီ၏လုပ်ငန်းတာဝန်များ၊ ဗဟိုလုပ်ငန်းကော်မတီ(၆)ရပ်၏ လုပ်ငန်းတာဝန်များ၊ ထိုနည်းတူစွာ ဗဟိုအဆင့်မှ ချမှတ်သည့် လုပ်ငန်းတာဝန်များအပေါ် အဓိက အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်မှုကော်မတီများ၏ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ဆိုင်ရာကဏ္ဍအလိုက်၊  တိုင်းဒေသကြီး/ပြည်နယ်အလိုက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည့် ဦးစားပေးဆောင်ရွက်သွားရမည့် ရှေ့လုပ်ငန်းစဉ်များအဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များကို ကဏ္ဍအလိုက် မူဝါဒ၊ မဟာဗျူဟာ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းစီမံချက်များတွင် ထည့်သွင်းရေးဆွဲ နိုင်ရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ပါဝင်ပတ်သက်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်နှင့် အသိပညာပြန့်ပွားရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအမံများကို ကဏ္ဍအသီးသီးတွင် ရေးဆွဲဆောင်ရွက်နိုင်ရန်၊ ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများကြောင့် ပတ်ဝန်းကျင်နှင့်လူမှုရေး ထိခိုက်မှုလျော့ပါးစေရေးအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းများကို စီမံကိန်း လုပ်ငန်းများ၌ ပေါင်းစပ်ဆောင်ရွက်နိုင်ရန်နှင့် တစ်ဆက်တည်းတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှု ကာကွယ်ရေးအတွက် ဘက်စုံစောင့်ကြပ်စစ်ဆေးမှုအစီအမံများ ရေးဆွဲဆောင်ရွက်နိုင်ရန်၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရန် စသည့်ကိစ္စရပ်များကို ချမှတ်ဆောင်ရွက်နိုင်ရန် အတွက် အစပျိုးသည့်အနေဖြင့် ဆွေးနွေးညှိနှိုင်းဆုံးဖြတ်နိုင်လိမ့်မည်ဟု မျှော်လင့် ကြောင်း၊ ထို့ကြောင့် ကော်မတီဝင်များအနေဖြင့် မိမိတို့ကော်မတီ၏ လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသွားပါသည်။

  အခမ်းအနားသို့ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းနှင့် ဗဟိုကော်မတီဝင်များဖြစ်သည့် ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်များနှင့်အရပ်ဖက်လူမှုအဖွဲ့အစည်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်း၊ ပုဂ္ဂလိက စီးပွားရေးအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်/နေပြည်တော်ကောင်စီနယ်မြေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဌများနှင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တာဝန်ရှိသူ များ စုစုပေါင်း( ၈၀ )ဦးခန့် တက်ရောက်ကြသည်။

  ဆက်လက်၍ အစီအစဉ်အရ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဌ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ကော်မတီဖွဲ့စည်းမှုနှင့် ကော်မတီ၏လုပ်ငန်းတာဝန်များ ကို ရှင်းလင်းဆွေးနွေးပြီး ဗဟိုကော်မတီအတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခေတ္တညွှန်ကြား​ရေးမှူးချုပ် ဦးလှမောင်သိန်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ဆွေးနွေးပွဲတက်ရောက် လာသည့် ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်များနှင့် အရပ်ဖက်လူမှု အဖွဲ့ အစည်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်း၊ ပုဂ္ဂလိက စီးပွားရေးအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်/နေပြည်တော်ကောင်စီနယ်မြေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဌများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက်  ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြပါသည်။

ထို့နောက် ဗဟိုကော်မတီမှ အဓိကဆုံးဖြတ်ပေးရမည့် ရှေ့လုပ်ငန်းစဉ်များအနေဖြင့် မူဝါဒနှင့် ပင်မလုပ်ငန်းစဉ်များဆိုင်ရာ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများဖြစ်သည့် အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒနှင့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်၊ အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာမူဘောင်၊ အမျိုးသားအဆင့်နှင့် မြို့တော်အဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်၊ ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု ပင်မလုပ်ငန်းစီမံချက်တို့ကို အတည်ပြုထုတ်ပြန်နိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ဆောင် ရွက်ရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကို ကဏ္ဍအလိုက် မူဝါဒ၊ မဟာဗျူဟာ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းစီမံချက်များတွင် ထည့်သွင်းရေးဆွဲရန်၊ ကဏ္ဍအလိုက် နှစ်တို နှစ်ရှည် လုပ်ငန်းစီမံကိန်းများတွင် ကဏ္ဍအလိုက် သက်ဆိုင်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ လိုက်လျောညီထွေရှိစေရေးဆိုင်ရာ လုပ်ငန်းများနှင့် ရန်ပုံငွေလိုအပ်ချက်များကို ထည့်သွင်းရေးဆွဲအကောင်အထည်ဖော်သွားရန်၊ ကဏ္ဍ အလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများကြောင့် ပတ်ဝန်းကျင်နှင့်လူမှုရေး ထိခိုက်မှုလျော့ပါးစေရေး အတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းများကို စီမံကိန်းလုပ်ငန်းများ၌ ပေါင်းစပ် ဆောင်ရွက်ရန်နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ကာကွယ်ရေးအတွက် ဘက်စုံစောင့်ကြပ်စစ်ဆေးမှု အစီအမံများ ရေးဆွဲဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်ယိုယွင်းမှုနှင့် လူမူရေးထိခိုက်မှုများ မရှိစေရန် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ ကြီးကြပ်ဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအမံများကို ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဦးစားပေးကဏ္ဍအလိုက် ရွေးချယ်သတ်မှတ်ပြီး အဆင့်ဆင့် စိစစ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ အသိပညာပြန့်ပွားရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအမံများကိုလည်း ကဏ္ဍအသီးသီးတွင်ရေးဆွဲဆောင်ရွက်ရန်နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရန် စသည်တို့ကို တင်ပြဆွေးနွေးဆုံးဖြတ်ပြီး ဒုတိယသမ္မတ(၁)က နိဂုံးချုပ်စကားပြောကြားကာ စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ပြီး အခမ်းအနားကို နေ့လယ် ၁၄:၃၀ နာရီတွင် ရုပ်သိမ်းပါသည်။

   ဆွေးနွေးပွဲ ဒုတိယပိုင်းအနေဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (သစ်တော၊ ပတ်ဝန်းကျင်ကဏ္ဍ) ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို မွန်းလွဲ ၁၅:၀၀ နာရီတွင် ဆက်လက်ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်/ နေပြည်တော်ကောင်စီ နယ်မြေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ ဥက္ကဌများ တက်ရောက်ကြပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများက ဝန်ကြီးဌာန၏ သစ်တောနှင့်ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာဆောင်ရွက်နေမှုများနှင့်ဆက်လက် ဆောင်ရွက်ရန်လျာထားသည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားကာ ညနေ ၁၇:၀၀ နာရီတွင် ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။