05
Aug

အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၏ဆက်စပ် အစည်းအဝေးများဆက်လက်ကျင်းပခြင်း(၅-၈-၂၀၁၆)

အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၏ ဆက်စပ် အစည်းအဝေးများဖြစ်သည့် ၁၀ ကြိမ်မြောက် အာဆီယံဂျပန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၀၈:၃၀ နာရီမှ ၁၀:၃၀ နာရီအထိ လည်းကောင်း၊ ၁၃ ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက် ၃ နိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို နံနက် ၁၁:၃၀ နာရီမှ ၁၂:၃၀ နာရီအထိလည်းကောင်း နေပြည်တော် ဟိုတယ်ဇုန်ရှိ ဂရင်းအမရဟိုတယ်၌ ဆက်လက်ကျင်းပပါသည်။

    ၁၀ ကြိမ်မြောက် အာဆီယံ-ဂျပန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ဘရူနိုင်းနိုင်ငံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီး အဖွဲ့ခေါင်းဆောင်နှင့် ဂျပန်နိုင်ငံမှကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr. Lonkham Astanavong တို့က ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံ-ဂျပန် ပတ်ဝန်းကျင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များဖြစ်သည့် ၂၀၁၅ ခုနှစ် သြဂုတ်လတွင် နေပြည်တော်၌ ကျင်းပခဲ့သည့် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သောကျောင်း ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပမှု၊ ဇီဝမျိုးစုံမျိုးကွဲများ အကျိုးရှိစွာအသုံးပြုရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ် တိုးချဲ့ဆောင်ရွက်နေမှုနှင့် စွမ်းဆောင်ရည်မြင့်မားစေခြင်းနှင့် သတင်းအချက်အလက် ဖွံ့ဖြိုးစေခြင်းမှတစ်ဆင့် အာဆီယံအမွေအနှစ် ဥယျာဉ်များ ဖွံ့ဖြိုးရေးဆိုင်ရာ အစီအစဉ် ဆောင်ရွက်နေမှု တို့ကိုအစီရင်ခံတင်ပြပြီး၊ လက်ရှိဆောင်ရွက်နေသည့် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော မြို့တော်ကြီးများ အစီအစဉ် တတိယနှစ် ဆောင်ရွက်နေမှု၊ အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မဟာဗျူဟာစီမံချက် ဖွံ့ဖြိုးရေးနှင့် ၅ ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်အခြေအနေပြ အစီရင်ခံစာပြုစုရေးနှင့် ဆက်လက်ဆောင်ရွက်နိုင်မည့် အဆိုပြုချက်သစ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းကာ နေအိမ်များမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်းဆိုင်ရာ စံများသတ်မှတ်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခြားလုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ သတင်းအချက်အလက်ပေးရေးနှင့် အစီရင်ခံတင်ပြရေးတို့နှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးကြပါသည်။

     ၁၃ ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက် ၃ နိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် ၉ ကြိမ်မြောက် ရေရှည်စဉ်မပြတ်ထုတ်လုပ်မှုနှင့် စားသုံးမှုဆိုင်ရာ ဦးဆောင်မှုအစီအစဉ်အား ဗီယက်နမ်နိုင်ငံမှ လက်ခံကျင်းပခဲ့မှုနှင့် တတိယအကြိမ် အာဆီယံနှင့် မိတ်ဖက် ၃ နိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာလူငယ်ဖိုရမ်အား စင်ကာပူနိုင်ငံတွင် လက်ခံ ကျင်းပခဲ့မှုတို့ကိုသုံးသပ်ဆွေးနွေးပြီး အာဆီယံ-တရုတ်ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာ နှင့်လုပ်ငန်းအစီအစဉ်ဖြစ်ပေါ်တိုးတက်မှု၊ တရုတ်-အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာနှင့် အာဆီယံ-တရုတ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းအစီအစဉ် (၂၀၁၆-၂၀၂၀) ရေးဆွဲဆောင်ရွက်နေမှုနှင့် လုပ်ငန်းအစီအစဉ်အရ အာဆီယံ-တရုတ်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်၊ တရုတ်-အာဆီယံအစိမ်းရောင်သံတမန်အစီအစဉ်၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟဆိုင်ရာထိန်းသိမ်းမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စက်မှုနှင့်နည်းပညာဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ အာဆီယံ-ဂျပန် ပူးပေါင်းဆောင်ရွက်နေသော အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော မြို့တော်ကြီးများ အစီအစဉ်၊ ဇီဝမျိုးစုံမျိုးကွဲများ အကျိုးရှိစွာအသုံးပြုရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်၊ အာဆီယံအမွေအနှစ်ဥယျာဉ်များဖွံ့ဖြိုးရေးဆိုင်ရာအစီအစဉ်နှင့် ၅ ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်အခြေအနေပြ အစီရင်ခံစာပြုစုရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ အာဆီယံ ကိုရီးယား ပူးပေါင်းဆောင်ရွက်နေသော ပြန်းတီးသစ်တောဂေဟစနစ်များ ပြန်လည်ထိန်းသိမ်းရေးစီမံကိန်း၊ ရေရှည်စဉ်ဆက်မပြတ် အာဆီယံဖြစ်ပေါ်စေရေးအတွက် ရေနှင့်ဆိုင်သော ရောဂါဖြစ်ပွားမှုများမှ ခံနိုင်ရည်တည်ဆောက်ရေး၊ ရေနံယိုဖိတ်မှုဆိုင်ရာ ဖြေရှင်းဆောင်ရွက်ရေး လေ့ကျင့်သင်ကြားခြင်းဆိုင်ရာ အာဆီယံ-ကိုရီးယား စီမံကိန်းတို့နှင့် စပ်လျည်း၍လည်းကောင်း ဆွေးနွေးညှိနှိုင်းကြပြီး အာဆီယံနှင့် မိတ်ဖက် ၃ နိုင်ငံတို့ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် စီမံကိန်း အသစ်များအတွက် အဆိုပြုချက် အသစ်များကိုလည်းကောင်း၊ အခြားကိစ္စရပ်များ အနေဖြင့် ဆက်သွယ်ဆောင်ရွက်ရန် ပုဂ္ဂိုလ်အမည်စာရင်းများ အတည်ပြုခြင်း၊ ၁၄ ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက် ၃ နိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး ကျင်းပမည့် နေ့ရက်နှင့် နေရာသတ်မှတ်ခြင်းနှင့် အစည်းအဝေးမျတ်တမ်းအတည်ပြုခြင်းတို့ကို ဆက်လက်ဆောင်ရွက်ကာ အစည်းအဝေးကို မွန်းလွဲ ၁၂:၃၀ နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း၊ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် ရန်ကုန်မြို့၌ တည်ထောင်ထားပြီးဖြစ်သည့် အာဆီယံအစိမ်းရောင်စီးပွားရေး ဗဟိုဌာ၏လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် အတည်ပြုသတ်မှတ်ရန်လိုအပ်နေသော လုပ်ငန်းတာဝန်များကို အတည်ပြုနိုင်ခဲ့သည့်အပြင် အာဆီယံနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်နေမှုများနှင့် အာဆီယံနှင့် မိတ်ဖက် ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှု  များအား  မြှင့်တင်နိုင်ရေးနှင့်စပ်လျဉ်း၍  ဆွေးနွေးညှိနှိုင်းမှုများ  ပြုလုပ်နိုင်ခဲ့ကြောင်း  သတင်းရရှိပါသည်။