03
Aug

အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများဖွင့်ပွဲအခမ်းအနားကျင်းပခြင်း(၃-၈-၂၀၁၆)

အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများဖွင့်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ နံနက် ၀၉:၀၀ နာရီ တွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ ဂရင်းအမရဟိုတယ်၌ ကျင်းပရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

        အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများနှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး ဗဟိုဌာနနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး မှ ကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ ဌာနအကြီးအကဲများ နှင့် အဆင့်မြင့်အရာရှိများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ၁၂၀ ခန့်တက်ရောက်ပါသည်။

          အစီအစဉ်အရ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ လက်ရှိ ဥက္ကဌ ဖြစ်သည့် လာအိုနိုင်ငံမှကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr. Lonkham Astanavong က ကြိုဆိုနှုန်ခွန်းဆက်စကားပြောကြားပြီးအမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကာဖွင့်ပွဲအခမ်းအနား ကို ရုပ်သိမ်းပါသည်။

          ဆက်လက်၍ အစည်းအဝေးကို သတ်မှတ်အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ သဘာပတိအဖြစ် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ လက်ရှိ ဥက္ကဌ ဖြစ် သည့် လာအိုနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr. Lonkham Astanavong က လည်းကောင်း၊ အိမ်ရှင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှအာဆီယံ ပတ်ဝန်းကျင် ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အဖွဲ့ခေါင်းဆောင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ပူးတွဲ သဘာပတိအဖြစ် လည်းကောင်း ဆောင်ရွက်ပြီး အစည်းအဝေးတွင်  ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ တွင် ၂၀၁၅ ခုနှစ် အောင်တိုဘာလ ၂၉ ရက်နေ့တွင် ကျင်းပခဲ့သည့် ၁၁ ကြိမ်မြောက် အာဆီယံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ ၁၁ ကြိမ်မြောက်အစည်းအဝေးနှင့် ၁၄ ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက် ၃ နိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးများ အစည်းအဝေး၊  အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ၂၀၁၆ ခုနှစ် မေလ ၃ ရက်မှ ၄ ရက်အထိ စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် ၁၈ ကြိမ်မြောက် ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ  ဝန်ကြီးအဆင့် ဦးဆောင်ကော်မတီ အစည်း အဝေးကျင်းပခဲ့ခြင်း များအားတင်ပြခြင်း၊ အာဆီယံရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းအဖွဲ့၏ အာဆီယံရာသီဥတုပြောင်းလဲမှုဆိုင်ရာပူးတွဲဖော်ပြချက်(မူကြမ်း)ကို လာအိုနိုင်ငံ ကိုယ်စား လှယ်ကလည်းကောင်း၊ အာဆီယံကမ်းရိုးတန်းနှင့် အဏ္ဏဝါပတ်ဝန်းကျင်လုပ်ငန်းအဖွဲ့၊ အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာပညာပေးရေးလုပ်ငန်းအဖွဲ့နှင့် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သော ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သည့် မြို့တော်များလုပ်ငန်းအဖွဲ့တို့၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေကို ဖိလစ်ပိုင်နိုင်ငံ၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှလည်းကောင်း၊  အာဆီယံဓာတုပစ္စည်းနှင့် စွန့်ပစ်ပစ္စည်းဆိုင်ရာလုပ်ငန်းအဖွဲ့၏ အာဆီယံ ဓာတုပစ္စည်းနှင့် စွန့်ပစ်ပစ္စည်းဆိုင်ရာပူးတွဲ ကြေညာချက်ကို အင်ဒိုနီးရှားနိုင်ငံမှ လည်းကောင်း၊  ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်း အဖွဲ့ဝင် နိုင်ငံများ၏ ၁၃ ကြိမ်မြောက် အစည်းအဝေးအတွက် အာဆီယံပူးတွဲကြေညာချက် (မူကြမ်း)ကို စင်ကာပူနိုင်ငံမှလည်းကောင်း၊ အာဆီယံရေအရင်းအမြစ် စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်မှုကို မလေးရှား နိုင်ငံမှ လည်းကောင်း ဆွေးနွေးတင်ပြခြင်း၊ မီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ဆိုင်ရာ ညီလာခံ များနှင့် သစ်တောနှင့် မိုးလေဝသဆိုင်ရာအခြေအနေများအားသုံးသပ်ဆွေးနွေးခြင်း၊ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် သက်ဆိုင်သည့် အခြားလုပ်ငန်းဆောင်ရွက်မှုများဖြစ်သော  ပတ်ဝန်းကျင်ဆိုင်ရာ ပြည့်စုံကောင်းမွန်သော နည်းပညာများနှင့်  ရေရှည်စဉ်ဆက် မပြတ်စားသုံးမှုနှင့် ထုတ်လုပ်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံပတ်ဝန်းကျင်အခြေအနေပြ အစီရင်ခံစာ၊ အာဆီယံ ဇီမျိုးစုံမျိုးကွဲဗဟိုဌာန၊ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာအဆင့်မြင့် အရာရှိကြီးများ၏ အထောက်အကူပြုအဖွဲ့များ၏ ဦးဆောင်မှု အခန်းကဏ္ဍတို့ကို အာဆီယံဇီဝ မျိုးစုံမျိုးကွဲဗဟိုဌာနနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှလည်းကောင်း၊ ၂၀၁၇ ခုနှစ်အတွင်းကျင်းပမည့် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာအဆင့်မြင့် အရာရှိကြီးများအဖွဲအောက်ရှိ အာဆီယံ ပုံမှန်အစည်းအဝေးများကိုလည်းကောင်း၊ ၂၀၁၅ အလွန် အာဆီယံအသိုက်အဝန်းဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်၊ ၂၀၁၆-၂၀၂၀ ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အာဆီယံ-ကုလသမဂ္ဂလုပ်ငန်းအစီအစဉ်နှင့် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အထောက်အကူပြုအဖွဲ့များ၏ လုပ်ငန်းတာဝန်များ သတ်မှတ်ရန်နှင့် ဖြည့်စွက်နုတ်ပယ်ရန်ကိစ္စများ သုံးသပ်ခြင်းတို့ကို အာဆီယံအတွင်းရေးမှူချုပ်ရုံးမှလည်းကောင်း၊ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် အာဆီယံ-သြစတြေးလျ၊ အာဆီယံ-ကနေဒါ၊ အာဆီယံ-တရုတ်၊ အာဆီယံ ဥရောပသမဂ္ဂ၊ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-ပါကစ္စတန်၊ အာဆီယံ-ဂျပန်၊ အာဆီယံ-ကိုရီးယား၊ အာဆီယံ-ရုရှားနှင့် အာဆီယံ-အမေရိကန် ပြည်ထောင်စု ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ခံဆောင်ရွက်နေသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံ အသီးသီးက တင်ပြခြင်း၊ ၁၃ ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက် ၃ နိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ၅ ကြိမ်မြောက် အရှေ့အာရှနိုင်ငံများ ပတ်ဝန်းကျင်ဝန်ကြီးများအစည်းအဝေး တို့အတွက် ပြင်ဆင်ထားမှုကို မြန်မာနိုင်ငံမှတင်ပြခြင်း၊ ၂၀၁၇ ခုနှစ်တွင် ဘရူနိုင်ငံတွင် လက်ခံ ကျင်းပမည့် ၁၄ ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင် ဝန်ကြီး အဆင့်အစည်းအဝေးနှင့် ၁၅ ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက် ၃ နိုင်ငံ  ပတ်ဝန်းကျင် ဝန်ကြီးများအစည်းအဝေးအတွက် ပြင်ဆင်ထားမှုများအား ဘရူနိုင်ငံနိုင်ငံမှတင်ပြခြင်း၊ အခြားကိစ္စရပ်များအနေဖြင့် အာဆီယံ အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးမှုဗဟိုဌာန၏ လုပ်ငန်းတာဝန်များ အတည်ပြုရန်၊ အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၏ အထောက်အကူပြု အဖွဲ့များတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပါဝင်ဆောင်ရွက်ရန်နှင့်  ဆက်သွယ်ရန်ပုဂ္ဂိုလ်အမည် စာရင်းများအတည်ပြုရန်၊ ၂၈ ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကျင်းပမည့် နေ့ရက်နှင့် နေရာ သတ်မှတ်ရန် ဆွေးနွေးညှိနှိုင်းခြင်းနှင့် အစည်းအဝေးအစီရင်ခံစာ ပြုစုခြင်းတို့ကို အစီအစဉ်အတိုင်း သြဂုတ်လ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ သြဂုတ်လ ၅ ရက်နေ့တွင် ၁၃ ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက် ၃ နိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးနှင့် ၁၀ ကြိမ်မြောက် အာဆီယံ-ဂျပန်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲတို့ကို သြဂုတ်လ ၅ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။