04
Aug

အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများဆက်လက်ကျင်းပခြင်း(၄-၈-၂၀၁၆)

၂၀၁၆ ခုနှစ် သြဂုတ်လ ၁ ရက်မှစ၍ ကျင်းပလျက်ရှိသည့် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့ ၀၉ဂ၀၀ နာရီအချိန်တွင်နေပြည်တော်ဟိုတယ်ဇုန်ရှိ ဂရင်းအမရဟိုတယ်၌ဆက်လက်ကျင်းပရာ သဘာပတိအဖြစ် အာဆီယံပတ်ဝန်းကျင် ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဥက္ကဌဖြစ်သည့် လာအိုနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr. Lonkham Astanavong က လည်းကောင်း၊ အိမ်ရှင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအဖွဲ့ခေါင်းဆောင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ပူးတွဲသဘာပတိ အဖြစ်လည်းကောင်း ဆောင်ရွက်ပြီး အစည်းအဝေးတွင်  ၂၀၁၆-၂၀၂၅ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာစီမံချက်အတွက် ဆောင်ရွက်ရန် လုပ်ငန်းတာဝန်များနှင့် အာဆီယံလုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းတာဝန်များအား ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ အာဆီယံရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးတွဲဖော်ပြချက်(မူကြမ်း)ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် မော်ရိုကိုနိုင်ငံ၌ ကျင်းပမည့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံများ၏ ၂၂ ကြိမ်မြောက်အစည်းအဝေးတွင် တင်သွင်းနိုင်ရေး အတွက် အချိန်မီပြုစုထုတ်ပြန်နိုင်ရန် ဆွေးနွေးညှိနှိုင်းခြင်း၊ မိတ်ဖက်နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဥရောပ သမဂ္ဂ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများအား ဆွေးနွေးတင်ပြခြင်း၊ အခြားကိစ္စရပ်များအနေဖြင့် အာဆီယံ အစိမ်းရောင် စီးပွားရေးဖွံ့ဖြိုးမှု ဗဟိုဌာန၏ လုပ်ငန်းတာဝန်များ အတည်ပြုရန်ဆွေးနွေး ညှိနှိုင်းခြင်း၊ အာဆီယံ ပတ်ဝန်းကျင် ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ၏ အထောက်အကူပြုအဖွဲ့များတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ မှ ပါဝင်ဆောင်ရွက်ရန်နှင့်  ဆက်သွယ်ရန်ပုဂ္ဂိုလ်အမည် စာရင်းများ အတည်ပြုရန်ဆွေးနွေး ညှိနှိုင်းခြင်း၊ ၂၈ ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင် ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး ကျင်းပမည့် နေ့ရက်နှင့် နေရာသတ်မှတ်ရန် ဆွေးနွေးညှိနှိုင်းခြင်းနှင့် အစည်းအဝေးအစီရင်ခံစာပြုစုခြင်းတို့ကို အစီအစဉ်အတိုင်း ဆက်လက် ပြုလုပ်ပြီး အစည်းအဝေးကို ညနေ ၁၇:၃၀ နာရီတွင် ရပ်နားပါသည်။

        သြဂုတ်လ ၅ ရက်နေ့တွင် ၁၃ ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက် ၃ နိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးနှင့် ၁၀ ကြိမ်မြောက် အာဆီယံ-ဂျပန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲတို့ကို ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။