05
Jun

တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနား

တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၅-၆-၂၀၁၆ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို နံနက် (၀၉:၀၀) နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာ၊ အစိုးရဌာနဆိုင်ရာအဖွဲအစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဆုရရှိသူများ၊ မြို့မိမြို့ဖများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

   အခမ်းအနားတွင် ဆောင်းပါးနှင့်စာစီစာကုံး(ပထမ၊ဒုတိယ၊တတိယ) ဆုရရှိသည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဗွီဒီယို အခွေအားပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ အထိမ်းအမှတ်တံဆိပ်ပါ ရင်ထိုး၊ တီရှပ်နှင့် Recycle bag များဖြန့်ဝေပေးခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး စာအုပ်များ၊ ဗီနိုင်း/ပိုစတာများ ခင်းကျင်းပြသခြင်းတို့ ပြုလုပ်ခဲ့ပြီး ပြခန်းအတွင်း လှည့်လည်ကြည့်ရှုကာ အခမ်းအနားကို (၁၀:၃၀) နာရီအချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။