05
Jun

၂၀၁၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲ ကျင်းပခြင်း(၅-၆-၂၀၁၆)

  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကြီးမှူး၍ ၂၀၁၆ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပခဲ့သည့် ၂၀၁၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားအပြီး နံနက်(၁၁:၄၀) နာရီအချိန်တွင် အခမ်းအနားအစီအစဉ် (ဒုတိယပိုင်း) အဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သစ်တောတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ၊ သတင်းမီဒီယာများ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

       ပထမဦးစွာ မြန်မာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (MCCA) ၏ ပံ့ပိုးကူညီမှု၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျင်းပခဲ့သည့် The Social Innovation Lab တွင် အနိုင်ရရှိခဲ့သည့် လူငယ်ကိုယ်စားလှယ်များမှ ရာသီဥတုပြောင်းလဲမှု အသိပညာပေးဆိုင်ရာ ဖန်တီးမှုများကို သရုပ်ဖော်ပြသပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာများကိုလည်းကောင်း၊ မြန်မာ့ရာသီဥတုပြောင်းလဲမှု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်(MCCA) မှ နည်းပညာအကြံပေးအရာရှိချုပ် Mr. Pasquale Capizzi က အမျိုးသားရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်ကိုလည်းကောင်း၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) မှ အကြံပေး ဒေါက်တာသီရိအောင်က အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ မူဘောင်ရေးဆွဲနေမှုနှင့်စပ်လျဉ်း၍လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) မှ Ms. Hanna က မြန်မာနိုင်ငံ၏ အစိမ်းရောင်စီးပွားရေးမူဘောင် (မူကြမ်း) ရေးဆွဲနေမှုနှင့်စပ်လျဉ်း၍လည်းကောင်း၊ သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က မြန်မာနိုင်ငံအတွင်း သားရိုင်းတိရစ္ဆာန်နှင့် သစ်တောထွက်ပစ္စည်းများ တရားမဝင် ကူးသန်းရောင်းဝယ်နေမှုအား တားဆီးကာကွယ်ရေးနှိမ်နင်းခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။ ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် မြန်မာရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (MCCA) တို့မှ တာဝန်ရှိပုဂ္ဂိုလ်များက သတင်းဌာနများ၏ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားခြင်း (Press Conference) ပြုလုပ်ပြီး အခမ်းအနားကို ညနေ ၁၅:၄၀ နာရီတွင် ရုပ်သိမ်းပါသည်။