13
Jul

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီတို့နှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးကာ ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား တွေ့ဆုံမှာကြား

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး လိုက်ပါလျက် ၁၃-၇-၂၀၁၅ ရက်နေ့ (၀၉၀၀) နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးအဆောက်အဦသစ် ဖွင့်လှစ်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများနှင့်အတူ တက်ရောက်ခဲ့ ပါသည်။ ရုံးအဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် အမှတ်တရသစ်ပင်စိုက်ပျိုးကာ ရုံးအဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

       ထို့နောက် ဆက်လက်ထွက်ခွာခဲ့ကာ ၁၄-၇-၂၀၁၅ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာအုပ်စု၊ စစ်တပ်တောင်ကွင်း၊ ကွင်းအမှတ် (၁၆၆) တွင် တည်ဆောက်လျက်ရှိသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးအဆောက်အဦဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။

    ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် ခရီးစဉ်အတွင်း တောင်ကြီးမြို့၌ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီဥက္ကဌ၊ အဖွဲ့ဝင်များနှင့်လည်းကောင်း၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီဥက္ကဌ၊ အဖွဲ့ဝင်များနှင့်လည်းကောင်းတွေ့ဆုံပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စရပ်များနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီနှင့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီတို့အကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သန့်ရှင်းရေး၊ သယံဇာတတူးဖော်ထုတ်လုပ်မှုများ၊ စက်ရုံ၊ အလုပ်ရုံများ၊ စက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာပေးလှုပ်ရှားမှုများ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ရေးကိစ္စရပ်များအားတွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ ခေတ်စနစ်ပြောင်းလဲမှုနှင့်အညီ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များ အားတက်ညီလက်ညီဖြင့် ဆောင်ရွက်ရေး၊ ဝန်ထမ်းများတာဝန်ကို ကျေပွန်အောင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှဆောင်ရွက်ရေး၊ မိမိတို့၏ ပင်ကိုယ်အရည်အသွေးများ တိုးတက်အောင် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်ရေး၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားရေး၊ စာရင်းစစ်ကန့်ကွက်ချက် များအားလျော့နည်းကျဆင်းအောင် ကြိုးပမ်းဆောင်ရွက်သွားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ များအား ကိုယ်တိုင်လိုက်နာကျင့်သုံးရုံသာမက မိမိပတ်ဝန်းကျင်သို့လည်း ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရေးအတွက် ပညာပေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် သွားရေး လမ်းညွှန်မှာကြားခဲ့ပြီး ၁၄-၇-၂၀၁၅ ရက်နေ့ ညပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းသတင်းရရှိပါသည်။