18
May

သစ်တောတက္ကသိုလ် (ရေဆင်း)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း (၁၁-၆-၂၀၁၅)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို သစ်တောတက္ကသိုလ် ရေဆင်းတွင် (၁၁-၆-၂၀၁၅) ရက်နေ့ နံနက်(၉:၀၀) နာရီ၌ ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းတက်ရောက်၍ ဆွေးနွေးဟောပြောခဲ့ပါသည်။ အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် အသိပညာရှင်၊ အတတ်ပညာရှင်၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့် အရည်အသွေးရှိသည့် ပညာရေးကို ဖော်ဆောင်ရာမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိအမြင်များတိုးပွားလာပြီး လူတစ်ဦးချင်းစီ၏ ကောင်းမွန်သည့်အမူအကျင့်များ၊ လေ့ကျင့်သုံးစွဲသွားနိုင်ရန် ရည်ရွယ်၍ ယနေ့ပွဲကိုကျင်းပရခြင်း ဖြစ်ကြောင်း၊ ၁၇၀၀ပြည့်နှစ် အလယ်ပိုင်း စက်မှုတော်လှန်ရေးကာလမှ စတင်၍ လူသားတို့၏ ပညာရေး၊ ကျန်းမာရေး၊ စွမ်းအင်အသုံးပြုမှုနှင့် သန့်ရှင်းမှုဆိုင်ရာကိစ္စများတွင် တိုးတက်မှုများ ဖြစ်ပေါ်လာသကဲ့သို့ ရေ၊ လေ၊ အပင်စသည့် သဘာဝစွမ်းအင် အရင်းအမြစ်များကိုလည်း ပိုမိုသုံးစွဲ လာရပါကြောင်း၊ ထိုသို့လူနေမှုအဆင့်အတန်းနှင့် ခေတ်မီဆေးဝါးများ တိုးတက်ကောင်းမွန်လာ သောကြောင့် လူဦးရေတိုးပွားနှုန်းသည်လည်း လျင်မြန်စွာဖြစ်ပေါ်လာခဲ့ပြီး အစားအစာ၊ စွမ်းအင်နှင့် အိမ်ရာအတွက် မြေလိုအပ်ချက်နှင့် စွန့်ပစ်ပစ္စည်းထုတ်လွှတ်မှုသည်လည်း သိသိသာသာ များပြား လာခဲ့ပါကြောင်း၊ အကန့်အသတ်နှင့် ရရှိနိုင်သော သဘာဝသယံဇာတများ လိုအပ်ချက်သည်လည်း သဘာဝအလျောက် ပြန်လည်ပြည့်ဖြိုးနိုင်မှုပမာဏထက် ကျော်လွန်လာခဲ့ပါကြောင်း၊ ထိုသို့အခြေအနေ တစ်စတစ်စ ယိုယွင်းလာမှုနှင့်အတူ ၁၉၅၀ နှစ်များမှစ၍ ပတ်ဝန်းကျင်ညစ်ညမ်းမှုများကိုလည်း သိသိသာသာ ကြုံတွေ့ခံစားလာရပါကြောင်း၊ လန်ဒန်၊ နယူးယောက်မြို့ကြီးများ၏ တစ်မြို့လုံး အမှောင်ဖုံးခဲ့သည့် လေထုညစ်ညမ်းမှုဖြစ်စဉ်၊ ဂျပန်နိုင်ငံ၏Minamata Disease ဖြစ်စဉ်၊ ပြင်သစ် နိုင်ငံ၏ ရေနံယိုဖိတ်မှုဖြစ်စဉ်၊ဆိုဗီယက်ပြည်ထောင်စု၏ ချာနိုဘိုင်းနျူကလီးယားဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်စဉ်၊ အိန္ဒိယနိုင်ငံ၊ ဘိုပါးဓာတုဗေဒစက်ရုံ အဆိပ်ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်စဉ်၊ အမေရိကန်ပြည်ထောင်စု Exxon Valdez ​ရေနံတင်​သင်္ဘော ယိုဖိတ်မှုဖြစ်စဉ် စသည့်ဖြစ်စဉ်များကို ကြည့်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကိစ္စရပ်များကို အထူးအလေးစား ဆောင်ရွက်ရန်လိုအပ်နေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ၁၉၇၂ ခုနှစ်တွင် ကုလသမဂ္ဂမှ ကြီးမှူးကျင်းပသည့် လူသားပတ်ဝန်းကျင် ညီလာခံမှ အစပြု၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လာခဲ့ကြပြီး ယခု အချိန်တွင် ကမ္ဘာ့နိုင်ငံများမှလည်း ကျယ်ကျယ်ပြန့်ပြန့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လာခဲ့သည်ကို တွေ့ရမှာဖြစ်ပါကြောင်း ပြောကြားကာ လက်ရှိကမ္ဘာ့ပတ်ဝန်းကျင် အခြေအနေနှင့် ယခင်အခြေ အနေတို့အားနှိုင်းယှဉ်၍၊ ပတ်ဝန်းကျင်အခြေအနေများ ပိုမိုယိုယွင်းပျက်စီးလာမှုများ၊ ထိုသို့ ယိုယွင်း ပျက်စီးမှုအကြောင်းအရင်းများနှင့် အဆိုပါ ယိုယွင်းပျက်စီးမှုများမှဖြစ်ပေါ်လာသည့် ဆိုးကျိုးများ လျော့နည်းသွားစေရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်နည်းလမ်းများကို ဆွေးနွေးဟောပြောခဲ့ပါသည်။ အခမ်းအနားသို့သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ အင်အားစုစုပေါင်း (၆၆၄) ဦး တက်ရောက်ခဲ့ကြပြီး နံနက်(၁၁:၀၀) နာရီတွင် ဟောပြောပွဲအခမ်းအနား ရုတ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။ အဆိုပါအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခင်းကျင်းပြသ ထားသော အထိမ်းအမှတ်ဓာတ်ပုံနှင့် ဗီနိုင်းပိုစတာများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်း ရရှိပါသည်။