18
May

အစိမ်းရောင်စီးပွားရေး မူဝါဒနှင့် မဟာဗျူဟာမူဘောင်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Inception Workshop on Developing a Green Economy Policy and Strategic Framework for Myanmar) ကျင်းပခြင်း(၂.၇.၂၀၁၅)

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (World Wide Fund for Nature – WWF) တို့ပူးပေါင်း၍ အစိမ်းရောင် စီးပွားရေး မူဝါဒနှင့် မဟာဗျူဟာမူဘောင်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Inception Workshop on Developing a Green Economy Policy and Strategic Framework for Myanmar) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော်၊  Grand Amara Hotel ၌ ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်နှင့် WWF Greater Mekong မှ Regional Conservation Director – Mr. Teak Seng တို့က အဖွင့်အမှာစကား အသီးသီးပြောကြားကြသည်။

     အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးများဖြစ်သော ဦးအေးမြင့်မောင်နှင့် ဒေါက်တာသက်သက်ဇင်၊ WWF မှ Regional Conservation Director  Mr. Teak Seng ၊ Global Green Growth Institute မှ Assistant Director General – Mr. Per Bertilsson ၊ အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Green Economy and Green Growth – GEGG ၊ Green Lotus ၊ International Union for Conservation of Nature – IUCN ၊ Myanmar Centre for Responsible Business – MCRB ၊ UNDP ၊ EU ၊ ADB ၊ JICA ၊ World Bank ၊ International Finance Corporation – IFC ၊ FAO ၊ UN-Habitat ၊ Swiss Agency for Development and Cooperation တို့မှ တာဝန်ရှိသူများ၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီနိုင်ငံနှင့် နော်ဝေနိုင်ငံ သံရုံးတို့မှ တာဝန်ရှိသူများ၊  ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၁၀၀) ဦး တက်ရောက် ကြသည်။

 အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်လိုက်လျောညီထွေဖြစ်သော အစိမ်းရောင်စီးပွားရေးလုပ်ငန်းများကို အကောင်အထည် ဖော်နိုင်ရေးနှင့်ပတ်သက်၍ မူဝါဒနှင့် မူဘောင်များ ရေးဆွဲချမှတ်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတကာနှင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအကြား ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ နှစ်ရက်ကြာ ဆွေးနွေးကျင်းပမည် ဖြစ်သည်။

    ဆွေးနွေးပွဲတွင် နိုင်ငံတကာအတွေ့အကြုံများနှင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတို့အပေါ် အခြေခံ၍ ပြန်ပြည့်မြဲစွမ်းအင်အသုံးချရေး၊ ကာဗွန်ထုတ်လွှတ်မှု လျော့နည်းသော သယ်ယူပို့ဆောင်မှု ဖော်ဆောင်ရေးအပါအဝင် အစိမ်းရောင်စီးပွားရေးအဆောက်အအုံ ပေါ်ထွန်းလာစေရေးဆိုင်ရာ မူဝါဒ နှင့်မူဘောင်အတွက် အခြေခံလိုအပ်ချက်များကို ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များကို ဖော်ထုတ်သွား  မည် ဖြစ်ကြောင်း သတင်းရရှိသည်။