18
                            May
                        သဘာဝအရင်းအမြစ်များ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ(Natural Capital Dialogue) ကျင်းပခြင်း
သဘာဝအရင်းအမြစ်များ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ(Natural Capital Dialogue) ကျင်းပခြင်း မြန်မာနိုင်ငံ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်၊ မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပင်မအစီအစဉ် (GMS Core Environment Program) တို့ ပူးပေါင်း၍ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ သဘာဝအရင်းအမြစ်များ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ (Natural Capital Dialogue) ကို ကျင်းပရာ ဖွင့်ပွဲအခမ်းအနားတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာသက်သက်ဇင်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်၊ အရှေ့တောင်အာရှဌာန ညွှန်ကြား ရေးမှူးချုပ် Mr. James Nugent တို့မှ အဖွင့်အမှာစကားပြောကြားပါသည်။ ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ စိုင်းကျော်အုန်း၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အရှေ့တောင်အာရှဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. James Nugent ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ် (ယူနန်နှင့် ကွမ်စီ ပြည်နယ်)၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်း အဆင့်မြင့်အရာရှိကြီးများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ဆွီဒင်နိုင်ငံအစိုးရ၊ ဖင်လန် နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ လူငယ်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၂၆၇) ဦး တက်ရောက်ကြပါသည်။ နံနက်ပိုင်း ဆွေးနွေးပွဲတွင် မဟာမဲခေါင်ဒေသခွဲအတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် သဘာဝအရင်းအမြစ်များ၏ အခန်းကဏ္ဍကို အဆင့် အလိုက် ဖော်ထုတ်ရန်၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် သဘာဝအရင်းအမြစ်များနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှု အလေ့အကျင့်ကောင်း များနှင့် အတွေ့အကြုံများကိုဖော်ထုတ်ရန် ဆွေးနွေးခဲ့ပါသည်။ နေ့လည်ပိုင်း ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက်များချမှတ်ရာ၌ သဘာဝအရင်းအမြစ်များအား ထည့်သွင်းစဉ်းစားခြင်း အကြောင်း အရာ နှင့်ပတ်သက်၍ လုပ်ငန်းအဖွဲ့ (၃) ဖွဲ့ ခွဲကာ ပြည်သူ့မူဝါဒများအတွင်း သဘာဝအရင်းအမြစ် များကို ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ခြင်း၊ အခြေခံအဆင့်တွင် သဘာဝအရင်းအမြစ်များအား ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ရာတွင် သဘာဝ အရင်းအမြစ်များအား ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ခြင်း အကြောင်းအရာများကို ဆွေးနွေးခဲ့ ပါသည်။ ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ မဟာမဲခေါင်ဒေသခွဲအတွင်း သဘာဝအရင်းအမြစ်များတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်း အရေးပါပုံနှင့်ပတ်သက်၍ ဆွေးနွေးပွဲမှ လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ရမည့် အကြောင်းအရာများကိုလည်းကောင်း၊ သဘာဝ အရင်းအမြစ်များ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မှု ပိုမို အားကောင်းလာစေခြင်း အကြောင်းအရာကိုလည်းကောင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။