18
May

အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်တို့ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ (International Day for the Preservation of the Ozone Layer) အထိမ်းအမှတ် အခမ်းအနားကို နံနက် ၉ နာရီအချိန်တွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန ၊အင်ကြင်းခန်းမ၌ ကျင်းပရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက် အမှာစကားပြောကြားသည်။ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များ၊ အမျိုးသားလွှတ်တော် သတ္တု နှင့် သယံဇာတရေးရာ ကော်မတီဥက္ကဌ နှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန များမှပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်း များမှ ဌာနေကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ အိုဇုန်းယူနစ် အဖွဲ့ဝင်များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း အမှာစကား ပြောကြားရာတွင် ယနေ့သည် ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် အတည်ပြုခဲ့သော မွန်ထရီယယ် နောက်ဆက်တွဲ စာချုပ်၏ ၂၇ နှစ်ပြည့်မြောက်ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်း ရေးနေ့ဖြစ်ကြောင်း၊ ယခုနှစ် ဆောင်ပုဒ်မှာ “အိုဇုန်းလွှာ ကာကွယ်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး (Ozone Layer Protection: The Mission Goes On)” ဖြစ်ကြောင်း၊ ပြည်သူများအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးရန် ပြည်သူများ၏ စီးပွားရေးနှင့် လူမှုရေးသာယာဝပြောမှုကို ရှေ့ရှုသည့် ပတ်ဝန်းကျင် ထိန်းသိမ်းမှု အသိ စိတ်ဓါတ်များ နိုးကြားလာစေရန် ရည်ရွယ်ချက်များဖြင့် အပြည်ပြည် ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ၁၉၉၅ ခုနှစ်က စပြီး နှစ်စဉ် ကျင်းပကြောင်း၊ မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်သည် ကမ္ဘာလုံးဆိုင်ရာ အိုဇုန်းလွှာ ပျက်စီးခြင်းပြဿနာ ကို တားဆီးကာကွယ်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၏ အောင်မြင်မှု စံနမူနာတစ်ရပ်ဖြစ်ကြောင်း၊ အိုဇုန်းလွှာပျက်စီးမှုကို ယခု ရာစုနှစ် အလယ်ပိုင်းတွင် ပြန်လည်ထိန်းသိမ်းနိုင်မည်ဟု မျှော်လင့်ရသော်လည်း အိုဇုန်းလွှာ ပျက်စီးစေသည့်ဒြပ်ပစ္စည်းများ လျှော့ချရေးအတွက် စိန်ခေါ်မှုအချို့ ကျန်ရှိ နေပါသေးကြောင်း၊ အိုဇုန်းလွှာသည် ကမ္ဘာမြေပြင်ပေါ်ကို နေမှ ကျရောက်သည့် ဘေးအန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည် ၉၉ ရာခိုင်နှုန်းကို စုပ်ယူပေးသည့် သဘာဝ အကာအရံတစ်ခု ဖြစ်၍ ကမ္ဘာပေါ်ရှိ သက်ရှိတို့အတွက် မရှိမဖြစ် လိုအပ်သော အကာအရံ ဖြစ်ကြောင်း၊ စက်မှုဖွံ့ဖြိုးတိုးတက်လာတာနှင့် အညီ လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်ရာ တွင်သုံးစွဲသည့် ကလိုရိုဖလူရိုကာဗွန် (စီအက်ဖ်စီ)၊ ဟေလွန်၊ ကာဗွန်တက်ထရာ ကလိုရိုဒ်၊ မီသိုင်းကလိုရိုဖောင်း၊ မီသိုင်းဘရိုမိုဒ်၊ ဟိုက်ဒရို ကလိုရို ဖလူရို ကာဗွန် (အိပ်ချ်စီအက်ဖ်စီ) စသော ဓာတုပစ္စည်းများသည် ကမ္ဘာ့အပေါ်ယံလေထု အတွင်းရှိ အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေပြီး ကမ္ဘာမြေပြင် အပေါ်ကို ခရမ်းလွန် ရောင်ခြည်လှိုင်းများ ကျရောက်မှုကို တိုးပွားစေသည်ကို သိပ္ပံဆိုင်ရာ သက်သေ အထောက် အထားများအရ လေ့လာတွေ့ရှိကြောင်း၊ အိုဇုန်းလွှာပျက်စီးမှုကြောင့် လူသားများ ၏ ကျန်းမာရေးနှင့် ပတ်သက်သည့် အရေပြားကင်ဆာရောဂါ၊ မျက်စိတိမ်စွဲမှု၊ ခုခံအားကျဆင်းမှုများ၊ သီးနှံအထွက်ကျဆင်းမှု၊ အဏ္ဏဝါဂေဟစနစ်ပျက်စီးမှု၊ ရုပ်ဝတ္ထု ပစ္စည်းများ ယိုယွင်းပျက်စီးမှု များကို ဖြစ်ပေါ်စေကြောင်း၊ အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများကို သုံးစွဲမှု လျှော့ချ ရပ်ဆိုင်းခြင်းသည် မျက်မှောက်နှင့်အနာဂတ်ကာလအတွက် အိုဇုန်းလွှာ ကာကွယ်ရေးကို အထောက်အကူ ဖြစ်စေသလို ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများ ကိုလည်း ထူးခြားစွာ အထောက်အကူဖြစ်စေကြောင်း၊ ဘေးအန္တရာယ်ရှိ ခရမ်းလွန် ရောင်ခြည်လှိုင်းများ ကမ္ဘာမြေပြင်ပေါ်ကျရောက်ခြင်းကို ထိန်းချုပ်နိုင်ခြင်းဖြင့် လူသားများ၏ ကျန်းမာရေးနှင့် သဘာဝဂေဟစနစ်ကို အကာအကွယ် ပေးထားရာရောက်ကြောင်း၊ မြန်မာနိုင်ငံသည် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊ အိုဇုန်းလွှာ ပျက်စီးစေသည့် ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီယယ် နောက်ဆက်တွဲ စာချုပ်နှင့် လန်ဒန်ပြင်ဆင်ချက် စာချုပ်များတွင် ၁၉၉၃ ခုနှစ် နိုဝင်ဘာလ ၂၄ ရက် နေ့၌ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ကြောင်း၊ ကိုပင်ဟေဂင် ပြင်ဆင်ချက်တွင် ၂၀၀၉ ခုနှစ် မေလ ၂၂ ရက်နေ့၌ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး မွန်ထရီယယ် ပြင်ဆင်ချက်နှင့် ပေကျင်းပြင်ဆင်ချက်များ တွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့၌ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ မွန်ထရီယယ်နောက်ဆက်တွဲစာချုပ် အကောင်အထည်ဖော်မှု လုပ်ငန်းတွင် အိုဇုန်းလွှာ ပျက်စီးစေသည့် ဒြပ်ပစ္စည်းများသုံးစွဲမှုလျှော့ချရပ်ဆိုင်းရေးနှင့် ပြည်သူ့ပညာပေး လုပ်ငန်းများဆောင်ရွက်ရန် ကုလသမဂ္ဂပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်(UNEP)၏ ပံ့ပိုးမှုဖြင့် အမျိုးသားအိုဇုန်းယူနစ် (National Ozone Unit) ကို ၂၀၀၄ ခုနှစ်ကတည်းက စပြီးတည်ထောင်ထားကြောင်း၊ မြန်မာနိုင်ငံသည် အိုဇုန်းလွှာ ပျက်စီးစေသည့် မည်သည့်ဒြပ်ပစ္စည်းများကိုမှ ထုတ်လုပ်မှု တင်ပို့မှု မပြုလုပ်ကြောင်း၊ သဘောတူ စာချုပ်များအရ စီအက်ဖ်စီ ထုတ်လုပ်မှုကို ၂၀၁၀ ခုနှစ် နောက်ဆုံးထားပြီး ရပ်ဆိုင်းရန် သတ်မှတ်ခဲ့ရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၀၇ ခုနှစ်ကစပြီး တင်သွင်းမှု ရပ်ဆိုင်း ခဲ့ကြောင်း၊ စီအက်ဖ်စီနှင့် အိပ်ချ်စီအက်ဖ်စီတို့သည် အိုဇုန်းလွှာပျက်စီးစေသည့် ဓါတ်ငွေ့ များဖြစ်သည့်အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထက် အဆနှစ်ထောင် ပိုပြီးစွမ်းအား ရှိပြီး ဖန်လုံအိမ် အာနိသင် ဖြစ်စေသည့် ဓါတ်ငွေ့ဖြစ်ကြောင်း၊ အိပ်ချ်စီအက်ဖ်စီ အစား ကမ္ဘာကြီးပူနွေးမှုနှင့် ရာသီဥတုပြောင်းလဲမှု လျော့ကျစေရေး အတွက် စွမ်းအင်သက်သာစေသော အစားထိုးနည်းပညာများဖြင့် ဓါတ်ငွေ့များကို အသုံးပြုကြရန် အထူးလိုအပ်ကြောင်း၊ မွန်ထရီယယ်နောက်ဆက်တွဲစာချုပ်အရ အိပ်ချ်စီ အက်ဖ်စီ သုံးစွဲမှု ကို ၂၀၁၃ ခုနှစ် ကစပြီး ကန့်သတ်ခဲ့ကြောင်း၊ အိပ်ချ်စီအက်ဖ်စီ သုံးစွဲမှုကို ၂၀၃၀ ပြည့်နှစ်တွင် လုံးဝ ရပ်ဆိုင်းနိုင်ရန် အဆင့်အလိုက် လျှော့ချဆောင်ရွက်ရာ၌ ၂၀၁၅ ခုနှစ် တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ၃၅ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ်တွင် ၆၇.၅ ရာခိုင်နှုန်း အသီးသီး လျှော့ချသွားရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲစာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ အိပ်ချ်စီအက်ဖ်စီ သုံးစွဲမှု လျှော့ချရပ်ဆိုင်းရာတွင် အဆင်ပြေချောမွေ့စေရန် အိပ်ချ်စီအက်ဖ်စီ သုံးစွဲမှု လျှော့ချရပ်ဆိုင်းရေးလုပ်ငန်း စီမံကိန်း (HCFCs Phase-out Management Plan- HPMP) တစ်ရပ်ကို ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် HPMP စီမံကိန်းကို ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ်နှင့် ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးရေးအဖွဲ့တို့၏ပံ့ပိုးမှု၊ သက်ဆိုင်ရာ ဌာနများ နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ၂၀၁၂ ခုနှစ်ကစပြီး ရေးဆွဲဆောင်ရွက်နေကြောင်း၊ HPMP စီမံကိန်းအရ HCFC သုံးစွဲမှု အဆင့်ဆင့်လျှော့ချ ရပ်ဆိုင်းခြင်း လုပ်ငန်းကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်နှင့်အညီ ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးနွယ်ဆက်များ၏ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့ လေထုလွှာ အတွင်း အိုဇုန်းလွှာ ပျက်စီးစေသည့် ဓါတ်ငွေ့များ ကင်းဝေးစေရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများတွင် အားလုံးပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်ပေးကြပါဟု တိုက်တွန်း အပ်ပါကြောင်းပြောကြား သည်။ ဆက်လက်၍ Ozone Action Programme, Regional Office for the Asia and the Pacific, Network Coordinator ဖြစ်သူ Mr. Shaofeng Hu ကကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ၏ သဝဏ်လွှာကို ဖတ်ကြားသည်။ ထို့နောက် အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ ပညာပေးဗီဒီယိုမှတ်တမ်းကို ပြသသည်။ ယင်းနောက် တွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ပြသထားသည့် အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပိုစတာ များနှင့် ဓါတ်ပုံများကို လှည့်လည်ကြည့်ရှုကြောင်းသတင်းရရှိပါသည်။ ယနေ့ကျင်းပသော အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပအပြီးတွင် “ဟိုက်ဒရိုကလိုရို ဖလူအိုရိုကာဗွန်သုံးစွဲမှု လျှော့ချရပ်ဆိုင်းရေး (HCFC Phase-out) စီမံခန့်ခွဲမှုစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှုဆိုင်ရာ ကနဦးအလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ကုလသမဂ္ဂပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ်မှ ကျွမ်းကျင်ပညာရှင်များ၊ အိုဇုန်းယူနစ် အဖွဲ့ဝင်များ၊ အစိုးရ မဟုတ်သော အဖွဲ့များမှ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကာ အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ရေးနှင့် အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများ လျှော့ချ ရပ်ဆိုင်းရေး လုပ်ငန်းအစီအစဉ်များကို ဆွေ:နွေးကြကြောင်း သတင်းရရှိသည်။