12
Nov

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားသတင်း

အိုဇုန်းလွှာကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ မွန်ထရီယယ်နောက်ဆက်တွဲစာချုပ်အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သော  ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ်အခမ်းအနားကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန (ဦးစီးရုံးချုပ်၊ နေပြည်တော်) ရုံးအမှတ်(၅၈)တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ခဲ့ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန် များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ စုစုပေါင်း(၃၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ အိုဇုန်း ယူနစ်အဖွဲ့ဝင်ကိုယ်စားလှယ်များ၊ လေအေးပေးစက်နှင့်ပတ်သက်သော စက်မှုနည်းပညာရှင်အသင်းများ မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးများ၊ တာဝန်ခံ အရာထမ်းကိုယ်စားလှယ်များမှ Online စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် – အိုဇုန်းလွှာပျက်စီးယိုယွင်းမှုကို ထိန်းသိမ်း ကာကွယ်နိုင်ရန် ကုလသမဂ္ဂမှ ၁၉၈၅ ခုနှစ်တွင် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်းကို လည်းကောင်း၊ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင်  အိုဇုန်းလွှာပျက်စီး စေသော ဒြပ်ပစ္စည်းများ သုံးစွဲမှု လျှော့ချရပ်ဆိုင်းရေးဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်ကို လည်းကောင်း ထုတ်ပြန်ခဲ့ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး ပူးပေါင်းပါဝင် အကောင်အထည် ဖော်ဆောင်ရွက်နေသော ပထမဆုံးသော ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မှတ်တိုင် တစ်ခု ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်၊ ဘေဂျင်း၊ လန်ဒန်နှင့် ကိုပင်ဟေဂင် ပြင်ဆင်ချက်များတွင် အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး အိုဇုန်းလွှာအဓိက ပျက်စီးစေတဲ့ ဟိုက်ဒရိုဘရိုမိုဖလူရိုကာဗွန် (HBFCs)၊  ဘရိုမိုကလိုရို မီသိန်း (CH2BrCl)၊ ကလိုရိုဖလူရိုကာဗွန် (CFCs)၊ ဟေလွန်၊ ကာဗွန်တက်ထရာကလိုရိုဒ် (CCl4) နှင့် မီသိုင်းဘရိုမိုဒ် (CH3Br) တင်သွင်းမှု တို့ကို အပြီးသတ် ရပ်ဆိုင်း နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် HCFC ဒြပ်ပစ္စည်းတင်သွင်းမှုအား ၂၀၃၀ တွင် အပြီးသတ်ရပ်ဆိုင်းရန် ဆောင်ရွက် လျက်ရှိပြီး HFC လျှော့ချရေးဆိုင်ရာ ကီဂါလီပြင်ဆင်ချက်အပေါ် အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရန် ပြင်ဆင်လျက်ရှိပါကြောင်း၊ အအေးပေးစက်မှုကဏ္ဍတွင် အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများ အစားထိုးအသုံးပြုလာသည့် ဟိုက်ဒရိုဖလူရိုကာဗွန်အမျိုးအစားများဖြစ်သော လူသုံးများသည့် ဟိုက်ဒရို ဖလူရိုကာဗွန် (HFC) ဒြပ်ပစ္စည်းသည် အိုဇုန်းလွှာကို မထိခိုက်စေပေမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထက် ကမ္ဘာ့ပူနွေးမှု အလားအလာပမာဏ (Global Warming Potential) အလွန်မြင့်မားပြီး ရာသီဥတု ပြောင်းလဲမှုကို တိုးမြင့်စေကြောင်းတွေ့ရှိရသဖြင့် အသုံးပြုမှုကို လျှော့ချနိုင်ခြင်းဖြင့် အိုဇုန်းလွှာကို ထိန်းသိမ်းကာကွယ်နိုင်သလို ရာစုနှစ်၏ အဆုံးတွင် ကမ္ဘာ့အပူချိန် မြင့်တက်မှုပမာဏအနက်မှ ၀.၄ ဒီဂရီစင်တီဂရိတ်ကို ရှောင်ရှားနိုင်မယ်လို့ လေ့လာတွေ့ရှိ ရပါကြောင်း၊ ကမ္ဘာအနှံ့တွင် ထုတ်လုပ် လိုက်သော အစားအစာအားလုံး၏ သုံးပုံတစ်ပုံခန့်မှာ အအေးပေးပစ္စည်းများဖြင့် သိုလှောင်ထိန်းသိမ်းနိုင်မှု မရှိခြင်းကြောင့် နှစ်စဉ် လူဉီးရေသန်း ၉၅၀ အတွက်လိုအပ်သည့် အစားအစာပမာဏ သန်းထောင်ပေါင်း  ၂.၄ မက်ထရစ်တန် (တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ) လေ့လွင့်ဆုံးရှုံး နေရပါကြောင်း၊ တန်ဖိုးရှိသော သယံဇာတများဖြစ်သည့် မြေ၊ ရေနှင့် စွမ်းအင်များ အလဟဿ ဆုံးရှုံးစေသည် သာမက နှစ်စဉ် ကမ္ဘာ့မှန်လုံအိမ် ဓာတ်ငွေ့ပမာဏ စုစုပေါင်း၏ ၈ ရာခိုင်နှုန်းခန့် ထွက်ရှိနေကြောင်း လေ့လာတွေ့ရှိရပါကြောင်း၊ အိုဇုန်းလွှာပျက်စီးမှုမရှိစေဘဲ ရာသီဥတုပြောင်းလဲမှုကို မထိခိုက်စေသော အစားထိုး ဓါတ်ငွေ့များ  စွမ်းအင်ချွေတာနိုင်သော နည်းပညာများတို့ကို ပေါင်းစပ် အသုံးပြုခြင်းဖြင့် အိုဇုန်းလွှာ ပျက်စီးမှု၊ ရာသီဥတု ပြောင်းလဲမှုနှင့် စားနပ်ရိက္ခာဆုံးရှုံးမှုကို တိုက်ဖျက် နိုင်မှာ ဖြစ်ပါကြောင်း၊ စားနပ်ရိက္ခာများနှင့် ဆေးဝါးဖြန့်ဖြူးသူများကဲ့သို့ ကုန်ထုတ်လုပ်သူများကို ဆန်းသစ်တီထွင်ထားသော အအေးပေးပစ္စည်းများဖြင့် ကြိုတင်အအေးခံခြင်း၊ သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းများကို ထောက်ပံ့ပေးနိုင်ခြင်းဖြင့် စားနပ်ရိက္ခာနှင့်ကာကွယ်ဆေးကဲ့သို့သော ထုတ်ကုန်များကို လုံခြုံကောင်းမွန်စွာ ရေရှည်ထိန်းသိမ်းနိုင်မည် ဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို အိုဇုန်းလွှာထိခိုက်ပျက်စီးမှုမရှိစေဘဲ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အထောက်အကူပြုသည့် စွမ်းအင် ချွေတာအအေးပေးနည်းစနစ်များဖြင့် ကျွန်ုပ်တို့ သက်ရှိလူသားများ လိုအပ်သော အစားအစာများနှင့် ဆေးဝါးများကို တာရှည်သိမ်းဆည်း သုံးစွဲနိုင်ရေး ဆက်လက်ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့်  Montreal Protocol – Keeping us, our food and vaccines cool”၊ “မွန်ထရီရယ် သဘောတူစာချုပ် ရည်မှန်းချက် အောင်မြင်ဖို့ – စွမ်းအင်ချွေတာ အအေးပေးစနစ်ဖြင့် ကျွန်ုပ်တို့ အစားအစာနှင့် ဆေးဝါးများကို ထိန်းသိမ်းကြစို့” ဆိုသော ဆောင်ပုဒ်နှင့် အညီ အိုဇုန်းလွှာပျက်စီးမှုမရှိစေသော၊ ရာသီဥတုပြောင်းလဲမှုအပေါ် ဆိုးကျိုးသက်ရောက်မှု နည်းသော အအေးပေးပစ္စည်းများနှင့် စွမ်းအင်ချွေတာ နည်းပညာများကို ပြောင်းလဲရွေးချယ် အသုံးပြုရေး ပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

၎င်းနောက် အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးစာအုပ်များ၊ အိုဇုန်းလွှာ ပျက်စီးစေသော ဓါတ်ငွေ့များ စစ်ဆေးသည့် ကိရိယာနှင့် ပညာပေးပိုစတာများကို လှည့်လည်ကြည့်ရှု့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။  *     *   *