30
Dec

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးအဆင့် အခြေခံသင်တန်း အမှတ်စဉ်(၁၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး တက်ရောက်သည့် သတင်း (၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးအဆင့် အခြေခံသင်တန်း အမှတ်စဉ်(၁၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နေ့လည် ၁၃:၀၀ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးအမှတ်(၅၈)နေပြည်တော်၌ ကျင်းပပြုလုပ်ရာ  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး တက်ရောက်၍ အမှာစကားပြောကြားသည်။

မိန့်ခွန်းပြောကြား

ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင်  (၆.၁၂.၂၀၂၁)ရက်နေ့မှ (၃၀.၁၂.၂၀၂၁) ရက်နေ့အထိ ဖွင့်လှစ်ခဲ့တဲ့ ဒုတိယဦးစီးမှူးအဆင့် အခြေခံသင်တန်း အမှတ်စဉ်(၁၄) ကို COVID-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလမ်းညွှန်ချက်များနဲ့အညီ ဦးစီးရုံးချုပ်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနများမှ သင်တန်းသား(၈၁)ဦးကို Hybrid ပုံစံနဲ့ အောင်အောင်မြင်မြင် ပို့ချနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ လူ့စွမ်းအားအရင်းအမြစ်က လွန်စွာ အရေးကြီးပါကြောင်း၊ အဖွဲ့အစည်းတစ်ခုအနေနဲ့ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာလုပ်ငန်းများကို ကောင်းစွာစနစ်ချဆောင်ရွက် ခြင်းမရှိရင် ဌာနရဲ့မြင့်မားတဲ့စွမ်းဆောင်ရည်နဲ့ ကောင်းမွန်တဲ့ရလဒ်ရရှိနိုင်မှာမဟုတ်ကြောင်း၊ ဌာနတွင်း လုပ်ငန်းများဆောင်ရွက်ရာ၌ ထိရောက်သွက်လက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်နဲ့ ပညာအရည်အချင်း မြင့်မားတဲ့ဝန်ထမ်းများ တိုးတက်များပြားလာစေရန်တို့အတွက် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု သင်တန်းများ ဖွင့်လှစ်မှသာ  ဝန်ထမ်းများ၏ စွမ်းရည်တိုးမြှင့်ခြင်း ကျွမ်းကျင်ခြင်းများနှင့်အတူ အရည်အချင်းရှိသော ဝန်ထမ်းများ  မွေးထုတ်ပေးနိုင်မှာ ဖြစ်ကြောင်း၊ ယခုသင်တန်းမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အခြားဆက်စပ်ဝန်ကြီးဌာန(၉)ခုတို့မှ ဘာသာရပ်ပေါင်း(၄၉)ခုအား တစ်လတာ သင်ကြားပို့ချခဲ့ပြီး၊ သင်တန်းကာလအတွင်း အပါတ်စဉ်ဆန်းစစ်ချက်များ စစ်ဆေး၍ ထူးချွန်သင်တန်းသား များအား ပထမ၊ဒုတိယ၊တတိယဆုများ ချီးမြှင့်ပေးအပ်သွားမှာဖြစ်ကြောင်း၊ သင်တန်းပို့ချချက်များကို   ကြိုးကြိုးစားစား လေ့လာသင်ယူခဲ့သမျှ စာတွေ့များကို လက်တွေ့နဲ့ ပေါင်းစပ်ပြီး မိမိတာဝန်ကျရာ ဒေသတွေမှာ ထိထိရောက်ရောက် ပြန်လည်အသုံးချဖို့ လိုအပ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဘာသာရပ်များသည် ကျယ်ပြန့်တဲ့အတွက် သင်တန်းသားများအနေဖြင့် စဉ်ဆက်မပြတ်လေ့လာမှတ်သား သင်ယူပြီး ပြောင်းလဲနေတဲ့ပတ်ဝန်းကျင်အခြေအနေနဲ့အညီ လိုက်လျောညီထွေရှိအောင် လုပ်ကိုင် ဆောင်ရွက်တတ်ကြရမှာဖြစ်ကြောင်း၊  ဝန်ထမ်းများ အနေဖြင့် လေ့ကျင့်သင်ကြားမှု အမြဲတမ်းရှိရန်၊ ကျွမ်းကျင်မှုရှိရန်၊ စည်းကမ်းရှိရန်၊ စံသတ်မှတ်ချက်ရှိရန်၊ စီမံခန့်ခွဲနိုင်ရန်အတွက် မိမိ၏ စွမ်းဆောင် ရည်ကို အမြဲမြှင့်တင်ရန် လိုအပ်ကြောင်း၊

တိုက်တွန်းမှာကြား

ထို့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာနဲ့ ပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတို့အတွက် သုတေသနလုပ်ငန်းများဟာအလွန်အရေးကြီးကြောင်း၊ သင်တန်းသားတွေအနေနဲ့ နိုင်ငံတော်နဲ့ မိမိတို့ဝန်ကြီးဌာနအတွက် အကျိုးရှိစေသော၊ သုတေသနများ ပြုလုပ်ကြရန်နဲ့ သုတေသနတွေ့ရှိချက် များနဲ့ရလဒ်များကို လက်တွေ့အသုံးချနိုင်ရေး၊ ထုတ်ပြန်ပြီးဖြစ်တဲ့ အမျိုးသား ပတ်ဝန်းကျင်ရေးရာ မူဝါဒ၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနဲ့ ပင်မလုပ်ငန်း အစီအစဉ်၊ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနဲ့ ပင်မလုပ်ငန်း အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရေး၊   တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရေးအပြင် ပွင့်လင်းရာသီဖြစ်တဲ့အတွက် မီးလောင်မှုလျှော့ချရေး၊   ပလတ်စတစ်အမှိုက်များ လျှော့ချရေး လုပ်ငန်းများနဲ့ အသိပညာပေး လုပ်ငန်း များကို  အစီအစဉ်များရေးဆွဲ အကောင်အထည်ဖော်နိုင်ရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပေါင်းစပ်ပြီး တက်တက်ကြွကြွ ပါဝင်ပေးစေလိုကြောင်း၊

နိဂုံးချုပ်အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်မှုဟာ အရေးကြီးသည့်လုပ်ငန်း ဖြစ်တဲ့အတွက် ယခုကဲ့သို့သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သွားဖို့နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရာမှာ အဂတိတရား ကင်းရှင်းစွာနဲ့ မှန်မှန်ကန်ကန်တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြရန် တိုက်တွန်းပြောကြားလိုပါသည်။

ဆုများချီးမြှင့်

ထို့နောက် ထူးချွန်ဆုရ သင်တန်းသူ/သင်တန်းသားများအား ပထမ၊ဒုတိယ၊တတိယဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။