14
Dec

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၊ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်သည့် သတင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၀၉း၀၀နာရီတွင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးအမှတ်(၅၈)နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အမှာစကားပြောကြားသည်။

မိန့်ခွန်းပြောကြား

ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် (၆) ကြိမ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင် ဆိုင်ရာအစီရင်ခံစာ (Global Environment Outlook-6)တွင် ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်မှုမရှိခဲ့ခြင်းကြောင့်ကမ္ဘာ့ဂေဟစနစ်၏ဝန်ဆောင်မှုတန်ဖိုးသည် နှစ်စဉ် အမေရိကန် ဒေါ်လာ နှစ်စဉ် ၄ ထရီလီယံ မှ ၂၀ ထရီလီယံအတွင်း ဆုံးရှုံးနေကြောင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် နှစ်စဉ် ၄.၆ ထရီလီယံခန့် ဆုံးရှုံးနေရပြီး ကမ္ဘာ့စီးပွားရေးထုတ်လုပ်မှု၏ ၆.၂ ရာခိုင်နှုန်း ခန့်ရှိကြောင်း၊ လေ၊ ရေ ညစ်ညမ်းမှုများကြောင့် နှစ်စဉ် လူဦးရေ ၉ သန်းထက်မနည်း သေဆုံး နေကြောင်း၊ ကမ္ဘာ့မြေ ဧရိယာရဲ့  ၂၉ ရာခိုင်နှုန်း ယိုယွင်း ပျက်စီးနေပြီး လူဦးရေ ၁.၃ ဘီလီယံ မှ ၃.၂ ဘီလီယံအထိ သက်မွေးဝမ်းကျောင်းမှုကို ထိခိုက်လျက်ရှိကြောင်း၊ ပြင်းထန်သည့် မိုးလေဝသ ဖြစ်စဉ်များကြောင့် နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၂၇ ဘီလီယံ ဆုံးရှုံးမှုများနှင့်ကြုံတွေ့ခဲ့ရကြောင်း၊ ဂေဟစနစ် ပျက်စီးဆုံးရှုံးမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် ကမ္ဘာ့အဆင့်၊ အမျိုးသားအဆင့်နှင့် ဒေသအဆင့်အစိုးရများ၊ စီးပွားရေး လုပ်ငန်းများ၊ လူမှုအဖွဲ့အစည်း၊ ဆက်စပ်ပတ်သက်သူများ အားလုံးပူးပေါင်းဖြေရှင်းနိုင်သည့် ခိုင်မာသောပတ်ဝန်းကျင်ဆိုင်ရာ စီမံအုပ်ချုပ်မှုသည် အရေးကြီးကြောင်း၊

တိုက်တွန်းမှာကြား

မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံပြီး ကဏ္ဍစုံမှ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်လျက်ရှိရာတွင် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှု လုပ်ငန်းများတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကော်မတီ၏ ဦးဆောင်မှုဖြင့် ကဏ္ဍအသီးသီးတွင် ပေါင်းစပ်အကောင် အထည်ဖော်နိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ လိုက်လျော ညီထွေဖြစ်စေရေးတို့အတွက် မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မ လုပ်ငန်းအစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် စီမံကိန်းများတွင် ထည့်သွင်းအကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလားတူ စွန့်ပစ်ပစ္စည်းများအန္တရာယ်ကို စနစ်တကျစီမံ ဆောင်ရွက်နိုင်ရေး အတွက် မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်များကို နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် စည်ပင်သာယာရေးနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် စနစ်တကျစီမံဖော်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ မြန်မာ နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းပါ ရည်မှန်းချက်များကို ဖော်ဆောင်ရာတွင် ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပတ်ဝန်းကျင်ဆိုင်ရာ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ၊ အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးရေးဆိုင်ရာ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းဆိုင်ရာတို့ကို ဟန်ချက်ညီညီ ပြည်ထောင်စုအဆင့်နှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အသီးသီးတွင် ထိရောက်စွာ အကောင်အထည် ဖော်နိုင်မှသာ လက်ရှိကြုံတွေ့နေရသည့်/နောင်တွင်ကြုံတွေ့လာနိုင်သည့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများနှင့် ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးများကို လျှော့ချ/ ရှောင်ရှားနိုင်မည် ဖြစ်ကြောင်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်း၊  ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှုသည် အလွန်အရေးကြီးကြောင်း၊ အသိပညာပေးခြင်းကို အဓိကလုပ်ငန်းစဉ်တစ်ခု အနေနဲ့ အမြဲမပြတ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက် များကိုလည်း လိုက်နာစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေရေးကို ဦးတည်ပြီး ကော်မတီ၏လုပ်ငန်းတာဝန် များကို အကောင်အထည်ဖော်ရာတွင် ရလဒ်ကောင်းများ ရရှိစေရေးအတွက် ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားသည်။

ဆုံးဖြတ်ချက်များချမှတ်

ဆက်လက်၍ အတွင်းရေးမှူးမှ ကော်မတီ၏ ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များဖြစ်ကြသည့် ဆက်စပ်ဝန်ကြီး ဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီး/ ပြည်နယ် သယံဇာတရေးရာဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကဏ္ဍ အလိုက် မိမိတို့ဆောင်ရွက်လျက်ရှိသောကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ ကို အကြံပြုဆွေးနွေးကြပြီး ဆုံးဖြတ်ချက်များချမှတ်ခဲ့သည်။