Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု စောင့်ကြည့်လေ့လာရေးအတွက် ထိုင်းနိုင်ငံမှ လေထုအရည်အသွေးတိုင်းတာရေးစက်နှင့် ကွန်ပျူတာပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား
ထိုင်းနိုင်ငံ၊ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုစီမံခန့်ခွဲရေး စီမံကိန်း အပိုင်း (၂) ၏ အထောက်အပံ့ဖြင့် Fire Hotspot နှင့် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှု စောင့်ကြည့် လေ့လာရေးအတွက် လေထုအရည်အသွေးတိုင်းတာရေးစက်နှင့် ကွန်ပျူတာပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၈) ၌ ၂၉-၁၀-၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးနှင့် ညွှန်ကြားရေးမှူးများ၊ ရန်ကုန်မြို့ ထိုင်းသံရုံးမှ ပထမအတွင်းဝန် Mr.Wuthikiat Chaicharna စသည့် ကိုယ်စားလှယ် စုစုပေါင်း (၁၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တော နှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်နှင့် ရန်ကုန်မြို့ ထိုင်းသံရုံးမှ ပထမအတွင်းဝန် Mr. Wuthikiat Chaicharna တို့မှ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။ ထိုင်းနိုင်ငံမှ လေထုအရည်အသွေးတိုင်းတာရေးစက်နှင့် ကွန်ပျူတာပစ္စည်းများ ထောက်ပံ့ပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးနိုင်မှု ဧရိယာပြမြေပုံ (Fire Risk Map) ရေးဆွဲနိုင်ခြင်း၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့နှင့် Fire Hotspot ဖြစ်ပေါ်မှုကို ဒီဂျစ်တယ်နည်းပညာအခြေခံ၍ စောင့်ကြည့်လေ့လာခြင်းဖြင့် တားဆီးကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေနိုင်ခြင်း၊ လေထုအရည် အသွေးအခြေအနေများကို အချိန်နှင့်တပြေးညီသိရှိနိုင်၍ ပြည်သူလူထုသို့ ဖြန့်ဝေနိုင်ခြင်းနှင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ထိန်းချုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည် ဖြစ်ပါသည်။
ထို့နောက် အခမ်းအနားအစီအစဉ်အရ ရန်ကုန်မြို့ ထိုင်းသံရုံးမှ ပထမအတွင်းဝန် Mr.Wuthikiat Chaicharna မှ Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု စောင့်ကြည့်လေ့လာရေး အတွက် လေထုအရည်အသွေးတိုင်းတာရေးစက် (၁) လုံးနှင့် ကွန်ပျူတာ (၄) လုံးကို သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့် ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အခမ်းအနားကို ၂၉-၁၀-၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပခဲ့ပြီး (၁၀:၃၀) တွင် ရုပ်သိမ်းခဲ့ပါသည်။



