02
Jul

စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်နှင့် အကောင်အထည်ဖော်ရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပခဲ့သော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်နှင့် အကောင်အထည်ဖော်ရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ရှေးဦးစွာ ၂၀၂၅ ခုနှစ် ဇွန်လ (၅) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြခန်းများအား လှည့်လည်ကြည့်ရှုရာမှာ အမှိုက်များအား စနစ်တကျ ခွဲခြား စွန့်ပစ်သည့်စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ အဆိုပါလမ်းညွှန်မှာကြားချက်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အမှိုက် ပုံး (၄) ပုံးထား၍ အမှိုက်အမျိုးအစား ခွဲခြားပြီး စွန့်ပစ်သည့်စနစ်အား နေပြည်တော်ကောင်စီနယ်မြေတွင် အရင်ဆုံး စတင်လုပ်ဆောင်ရန်၊ ဝန်ကြီးဌာနများအားလုံး လုပ်ဆောင်ရန်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ရုံးများမှ စတင်လုပ်ဆောင်ရန်၊ သို့မှသာ ပြည်သူများ လိုက်ပါလုပ်ဆောင်မည် ဖြစ်ကြောင်း ညွှန်ကြားလာပါကြောင်း၊ အဆိုပါ ညွှန်ကြားလာမှုနဲ့အညီ ဝန်ကြီးဌာန/အဖွဲ့အစည်းများ၊ ဦးစီးဌာန များ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ အပါအဝင် စွန့်ပစ်ပစ္စည်းများကို ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေး စနစ်တကျ စီမံခန့်ခွဲနိုင်ရန် အတွက် စွန့်ပစ်ပစ္စည်းများ စတင်ထွက်ရှိရာနေရာတွင် အမျိုးအစားခွဲခြားခြင်း၊ စွန့်ပစ်ပစ္စည်းများ သိမ်းဆည်းခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း၊ စွန့်ပစ်ပစ္စည်းများအား ယာယီစုသိမ်းခြင်းနှင့် စီမံ ဆောင်ရွက်ခြင်း၊ စွန့်ပစ်ပစ္စည်းများအား နောက်ဆုံးစွန့်ပစ်ခြင်း စသည့်လုပ်ငန်းစဉ် (၅) ရပ်ပါဝင်တဲ့ စွန့်ပစ်ပစ္စည်း  စီမံခန့်ခွဲမှုစနစ်နှင့် အကောင်အထည်ဖော်ရေးစီမံချက်ကို ရေးဆွဲပြုစုခဲ့ပြီးဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းမှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းအပါအဝင် စွန့်ပစ်ပစ္စည်းတွေကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချနိုင်ရေးအတွက် စွန့်ပစ်ပစ္စည်းများကို အမျိုးအစား ခွဲခြားစွန့်ပစ်ရန်၊ ခွဲခြားသိမ်းဆည်းရန်နှင့် ပတ်ဝန်းကျင်နှင့် လူသားတို့ရဲ့ ကျန်းမာရေးအပေါ် မထိခိုက်စေရေး စီမံ ကြီးကြပ်နိုင်ရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့်  စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်နှင့် အကောင်အထည်ဖော်ရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ၃၀-၆-၂၀၂၅ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၆၃/၂၀၂၅ ဖြင့် ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ အဆိုပါကြီးကြပ်မှုကော်မတီ တွင်  လုပ်ငန်းတာဝန် (၁၀) ချက်ချမှတ်ထားပြီး လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော် ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စွန့်ပစ်ပစ္စည်းထွက်ရှိမှုအား စီမံ ခန့်ခွဲရာမှာ ထိရောက်စွာ လျှော့ချခြင်း (Reduce)၊ စွန့်ပစ်ပစ္စည်းအမျိုးအစားအလိုက် ပြန်လည် အသုံးပြုနိုင်သည့် ပစ္စည်းများကို ပြန်လည်သုံးစွဲခြင်း (Reuse)၊ Recycle ပြုလုပ်ခြင်းကို အားပေးသည့် မူဝါဒများ၊ နည်းပညာများနှင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း၊ ဘက်ပေါင်းစုံအသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်များအား အရှိန်အဟုန် ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆက်စပ်ပတ်သက်သူများအနေဖြင့် ထိရောက်စွာ ဆောင်ရွက် သွားရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူးနှင့် ကြီးကြပ်မှုကော်မတီဝင်များက လုပ်ငန်းတာဝန်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်နှင့် အကောင်အထည်ဖော်ရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကြီးကြပ်မှု ကော်မတီဝင်များဖြစ်သည့် သက်ဆိုင်ရာ ဦးစီးဌာန၊ လုပ်ငန်း၊ တက္ကသိုလ်များမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ကြပါသည်။