12
Aug

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံး (၃)ထပ်ရုံးအဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနား သတင်းထုတ်ပြန်ချက်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး (၃) ထပ်ရုံး အဆောက်အဦ သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၉:၀၀)နာရီတွင် နေပြည်တော်ရှိ အဆိုပါရုံး၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်ဖွင့်လှစ်ပေးပါသည်။
အဆိုပါ(၃)ထပ်အဆောက်အဦသည်သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၄) မှ တာဝန်ယူ တည်ဆောက် ခဲ့ရာ (၂၉−၁၁−၂၀၁၇) ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး (၃၀−၉−၂၀၁၉) ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး(၃)ထပ်ရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမျိုးသားလွှတ်တော် သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဌ ဦးကျော်သီဟ၊ နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးတင်ထွန်းနှင့် အဆောက်အဦဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်(ငြိမ်း) ဦးသိန်းဇော်တို့က (၃)ထပ် ရုံးအဆောက်အဦသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ ပါသည်။
အထိမ်းအမှတ် သစ်ပင်များ စိုက်ပျိုးခြင်း
ယင်းနောက် ကြွရောက်လာသောဧည့်သည်တော်များအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များပေးအပ်ပြီး ဧည့်သည်တော်များနှင့်အတူ အထိမ်းအမှတ်သစ်ပင်များ စိုက်ပျိုးခြင်း၊ စုပေါင်း ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ပါသည်။

ကမ္ပည်းမော်ကွန်း ကျောက်စာတိုင် အား အမွှေးနံ့သာရည် ပက်ဖျန်းခြင်း
နံနက်(၀၉:၃၀)အချိန်တွင် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသော ဧည့်သည်တော်များက ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည် ပက်ဖျန်းပေးပြီး ဧည့်သည်တော်များမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အဆောက်အဦသစ်အား လှည့်လည် ကြည့်ရှုကြပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ်များ၊ ဦ:ဆောင်ညွှန်ကြားရေးမှူးများ၊ အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများ စုစုပေါင်း (၂၉)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို နံနက် (၀၉:၄၅) မိနစ်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။