05
Jun

၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပခြင်း

၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကျင်းပခြင်း

(၅-၆-၂၀၁၇၊ MICC-II ၊ နေပြည်တော်)

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ စီစဉ်ကျင်းပသည့် “၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့”  အခမ်းအနားကို ၅-၆-၂၀၁၇ ရက် နေ့နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော်ရှိ MICC-II ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဌများ၊  ကုလသမဂ္ဂဖွံ့ဖြိုးမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

အခမ်းအနား၌ နိုင်ငံတော်သမ္မတမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ “တို့ကမ္ဘာ့မြေတစ်ခွင် သာယာလှစေဖို့ သဘာဝကို ထိန်းသိမ်းစို့” ဆိုသည့် ဆောင်ပုဒ်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ကြီး၏ သာယာလှပမှု၊ ထူးခြားဆန်းပြားမှုနှင့် တန်ဖိုးရှိမှုများကို သတိပြုမိစေပြီး အလေးထားလာအောင် မိမိတို့ လူသားများကို တိုက်တွန်းထားပါကြောင်း၊ သာယာလှပသည့်ရှုခင်းများ၊ သစ်တောများ၊ တောင်တန်းများနှင့် ပြည့်စုံသည့်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံအဝန်း မည်သည့်နေရာမဆို မိမိတို့သည် သဘာဝပတ်ဝန်းကျင် ကြီးနှင့် နီကပ်စွာဆက်နွယ်သည့် အခြေအနေတွင်ရှိနေကြောင်း၊ အမျိုးမျိုးသော ပတ်ဝန်းကျင် ဂေဟစနစ်များ တည်ရှိနေသည့်အတွက် မြန်မာနိုင်ငံသည် အာရှဒေသတွင် သဘာဝသယံဇာတနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်သည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ သဘာဝရေမြေ တော​တောင်များထဲတွင် အပင်မျိုးစိတ် ၁၈၀၀၀ ကျော်၊ ငှက်မျိုးစိတ်ပေါင်း ၁၁၀၀ နီးပါး၊ နို့တိုက် သတ္တဝါ ၃၀၀ ကျော် မှီတင်းနေထိုင် ရှင်သန်ပေါက်ရောက်လျက်ရှိကြောင်း၊ ကမ္ဘာပေါ်၌ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မျိုးစိတ်စာရင်းဝင် အပင်မျိုးစိတ် ၆၁ မျိုးနှင့် နို့တိုက်သတ္တဝါမျိုးစိတ် ၄၄ မျိုး ပါဝင်နေကြောင်း၊ ကမ္ဘာ့မျိုးသုဉ်းလုမျိုးစိတ်များ စာရင်းဝင် ရွှေသမင်နှင့် ငှက်မျိုးစိတ် ခြောက်မျိုးမှာ မြန်မာနိုင်ငံ၌သာ တွေ့ရှိနိုင်သည့် ရှားပါးမျိုးစိတ်ဖြစ်ကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကိုကျင်းပရင်း မိမိတို့၏ကမ္ဘာ၊ ပတ်ဝန်းကျင်ကြီးကိုလည်း မည်မျှမှီခို အားထားရသည်ဆိုသည်ကို သတိပြုမိရန်လိုကြောင်း၊ ယနေ့ကမ္ဘာ့တစ်ဝန်းတွင် လူသားများအကျိုးအတွက် ပျက်သုဉ်းမသွားစေရန် ကာကွယ်ထိန်းသိမ်းထားသည့် နေရာဒေသအများအပြားရှိနေကြောင်း၊ မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်လွယ်သည့်အခြေအနေကို ကာကွယ်ရန် ခံနိုင်မှုစွမ်းရည်မြှင့်တင်ရန်အတွက် နိုင်ငံတကာ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကို မိမိတို့လက်ကမ်းကြိုဆိုပါကြောင်း၊ မိမိတို့သည် အလှတရားများနှင့် ပြည့်စုံနေသည့် ဇီဝမျိုးစုံမျိုးကွဲများ အပြည့်အစုံရှိနေသည့် ကမ္ဘာကြီးတွင် ရှင်သန်နေထိုင်ခွင့်ရရှိနေခြင်းသည် ထူးကဲသည့် အခွင့်အရေးဖြစ်သည်ကို နှလုံးသွင်းခံယူပြီး သဘာဝပတ်ဝန်းကျင်ကြီးကို ဆက်လက်ထိန်းသိမ်းသွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြား ပါသည်။

ထို့နောက်  ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယိုဂူတာရက်စ်မှ ၂၀၁၇ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားသို့  ပေးပို့သည့် ဗီဒီယိုသဝဏ်လွှာကို ပြသပါသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတမှ ၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ် ခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဌနှင့် တာဝန်ရှိသူများသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြခန်း (၄၂) ခန်းကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။

 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန