29
Nov

"ပဉ္စမအကြိမ် အစိမ်းရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်" ကျင်းပခြင်း

ပဉ္စမအကြိမ် အစိမ်းရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်” ကျင်းပခြင်း

သတင်းထုတ်ပြန်ချက်

(၂၉-၁၁-၂၀၁၆၊ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၊ နေပြည်တော်)

       သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အစိမ်းရောင် စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု (အကျိုးအမြတ်မယူသော) အသင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ပဉ္စမအကြိမ် အစိမ်းရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့၊ နံနက် (၉:၀၀) အချိန်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)MICC-II ၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

      နိုင်ငံတော်သမ္မတ အဖွင့်အမှာစကားပြောကြားရာတွင် – ပဉ္စမအကြိမ် အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်တွင် အစိမ်းရောင်စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ “လက်ရှိကာလ၏ အရေးတကြီး လိုအပ်မှုနှင့် စံနမူနာ ပြောင်းလဲမှုအတွက် မည်ကဲ့သို့ဆောင်ရွက်မည်”(Greening of Economic Growth, Challenges and opportunities-The Urgency of Now and How for Transformational Paradigm Change) ဆိုသည့် လေးနက်ပြည့်စုံသည့်ခေါင်းစဉ်နှင့် ကျင်းပပြုလုပ်သည့် ယခုဖိုရမ်တွင် အဖွင့်အမှာ စကားပြောကြားရသည့်အတွက် လွန်စွာအားရကျေနပ်မိပါကြောင်း ယခုဖိုရမ်သည် လက်ရှိအနေအထားတွင် အစိမ်းရောင်စီးပွားရေးကို ဖော်ဆောင်မည်ဆိုပါက မိမိတို့လတ်တလောဦးတည်နေသည့် အလားအလာများအား ပြောင်းလဲပြီးကြုံတွေ့ရမည့် စိန်ခေါ်မှုများနှင့် ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် လိုအပ်သည့်ဆောင်ရွက်မှုများအား ခြုံငုံမိစေရန် ရည်ရွယ်ခြင်းဖြစ်သည့်အတွက် အရေးပါပြီး အချိန်ကိုက်ဖြစ်သည့် ဆွေးနွေးပွဲဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှု တိုးပွားလာခြင်း၏ ဆိုးကျိုးများ၊ ဂေဟစနစ် လျင်မြန်စွာ ယိုယွင်းပျက်စီးနေမှုများ၊ သစ်တောပြုန်းတီးမှုများ၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသည့်မျိုးစိတ်နှင့် တောရိုင်းတိရစ္ဆာန် ဆုံးရှုံးမှုများ၊ လေထု၊ သမုဒ္ဒရာ၊ မြစ်ချောင်း၊ ရေကန်၊ မြေထု ညစ်ညမ်းမှုများနှင့် ကူးစက်ရောဂါများ တစ်နေရာမှတစ်နေရာသို့ ရောက်ရှိပျံ့နှံ့နေမှုစသည့် ဖြေရှင်းရန် ခက်ခဲသည့်ပြဿနာများသည် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်နှင့် ဂေဟဗေဒဆိုင်ရာစနစ်များ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့ကို နှောင့်နှေးစေခြင်း၊ ယိမ်းယိုင်စေခြင်းများအတွက် ကြီးမားသည့် ကုန်ကျစရိတ်များ ဖြစ်ပေါ်စေကြောင်းကို သိပ္ပံဆိုင်ရာ အထောက်အထားအများအပြားတွင် အထင်အရှား လေ့လာဆန်းစစ်တွေ့ရှိပြီး ဖြစ်ပါကြောင်း၊ မှန်လုံအိမ်ဓာတ်ငွေ့များ ပမာဏများပြားစွာ မြင့်တက်လာနေကြောင်းကိုလည်း သိပ္ပံဆိုင်ရာနှင့် လေ့လာတွေ့ရှိချက် အထောက်အထားများ တိုးပွားလာလျက် ရှိနေပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအချင်းချင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့နှင့် သိပ္ပံဆိုင်ရာအစီရင်ခံစာများအရ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုအဆင့်သည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာကထက် ပိုမိုလျင်မြန်စွာ တိုးပွားလျက်ရှိပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၁၁၀၀၀ နှင့် ၁၇၀၀၀ အကြားတွင် အမြင့်ဆုံးတိုးပွားခဲ့သည့်နှုန်းထက် အဆ ၂၀၀ ခန့် ပိုမိုလျင်မြန်သည်ဟု သိရှိရပါကြောင်း၊ လူသားတို့၏ လုပ်ဆောင်ချက်များသည် အဓိကအရင်းအမြစ်နှင့် အကြောင်းရင်းများဖြစ်ပါကြောင်း၊ မိမိတို့အားလုံးကို ထိခိုက်မှုများဖြစ်စေသည့် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်နှင့်  ဂေဟစနစ် ယိုယွင်းပျက်စီးမှုများ၊ ရာသီဥတုပြောင်းလဲမှုများအား တုံ့ပြန်နိုင်ရေးအတွက် အပြည်ပြည် ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုသည် အလွန်အရေးကြီးပါကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေး၊ ခံနိုင်ရည်ပြည့်ဝစေရေး၊ တန်းတူညီမျှမှုရှိစေရေးနှင့် အလုံးစုံပါဝင်သည့် အနာဂတ်ကိုပိုင်ဆိုင် နိုင်ရေးအတွက် ဖွံ့ဖြိုးတိုးတက်မှု၊ သယံဇာတအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များ၏ ဖြေရှင်းရခက်သည့်ဆက်စပ်နေမှုများအား တုံ့ပြန်ဖြေရှင်း နိုင်ရေးအတွက် အရေးတကြီးလိုအပ်သည့် မူဝါဒများ၊ မဟာဗျူဟာတွေနှင့် လက်တွေ့ဆောင်ရွက်မှု များအား ပေါင်းစပ်ဆောင်ရွက်နိုင်ရန် အထောက်အကူဖြစ်စေသည့် သဘောတူညီချက်များအား ကုလသမဂ္ဂညီလာခံများတွင် ချမှတ်ပြီးဖြစ်ပါကြောင်း၊ ဤကဲ့သို့သော မူဝါဒများ၊ မဟာဗျူဟာများသည် တီထွင်ဆန်းသစ်မှုများ၊ လုံခြုံစိတ်ချရသည့် အလုပ်အကိုင်သစ်ဖန်တီးမှုများနှင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများတွင် ထုတ်လုပ်မှုနှင့် ယှဉ်ပြိုင်မှုများ ပိုမိုမြင့်တက်လာနိုင်စေရန် တိုက်တွန်းလှုံ့ဆော်ကြောင်း တိုးတက်ဖွံ့ဖြိုးလာသည့် လက်တွေ့ အထောက်အထားများက အထင်အရှား ပြဆိုနေပါကြောင်း၊ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှုဖြစ်သည့် ၂၀၁၅ ခုနှစ် ပါရီသဘောတူညီချက်၊  ကုလသမဂ္ဂ၏ ရေရှည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ၊ ဟိုက်ဒရိုဖလူရိုကာဗွန် (HFC) ထုတ်လုပ်မှု နှင့် သုံးစွဲမှုလျှော့ချရပ်ဆိုင်းရေး စသည့် လတ်တလော ချမှတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံတကာ ကြိုးပမ်းမှုများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့အားလုံးနှင့် နောင်လာနောက်သားများအပေါ် အမှန်တကယ် ဆိုးကျိုးဖြစ်ပေါ်စေမည့် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများကို တုံ့ပြန်ဆောင်ရွက် ရန်အတွက် အပြည်ပြည်ဆိုင်ရာအသိုက်အဝန်းတွင် အလေးအနက်ထား ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ဆင်းရဲမှုလျှော့ချရေးနှင့် ငတ်မွတ်ခေါင်းပါးမှုကိုတားဆီးရန်၊ ကလေး သူငယ်များ အာဟာရချို့တဲ့မှုနှင့်ဖွံ့ဖြိုးမှု နိမ့်ကျနေမှုပပျောက်စေရန်၊ ဘေးကင်းလုံခြုံပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားစေရန်၊ အရည်အသွေးပြည့်မီသည့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပံ့ပိုးပေးရန်၊ သဘာဝဘေးအန္တရာယ်များနှင့် အခြားသော ဦးစားပေးကိစ္စရပ်များအား လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခြား နိုင်ငံများနည်းတူ ရင်ဆိုင်ကြုံတွေ့နေပြီး အတူတကွဖြေရှင်းဆောင်ရွက်ရမည့် ဦးစားပေးကိစ္စရပ်များ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဤစိန်ခေါ်မှုများအား တုံ့ပြန်နိုင်ရန်အတွက် မိမိတို့၏ အမျိုးသားစွမ်းဆောင်ရည်များကို မြှင့်တင်တည်ဆောက်သွားရမည် ဖြစ်ပါကြောင်း၊ မိမိတို့သည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထူးခြားသည့်ပြောင်းလဲမှုကို ဦးတည်စေသည့်လမ်းကြောင်းနှင့် ပေါင်းစည်းဆောင်ရွက်သွားရမည့် အခွင့်အလမ်းများအား ဖော်ထုတ်သတ်မှတ်ပြီး ရရှိသည့် အခွင့်အလမ်းများအပေါ် မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စရိတ်ကုန်ကျမှုများပြားပြီး ရေရှည်တည်တံ့နိုင်မှု မရှိသည့်၊ ပြည့်စုံမှုမရှိသည့် မူဝါဒများနှင့် စီမံကိန်းများအား ရှောင်ရှားရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများတွေ့ကြုံခဲ့ရသည့် သင်ခန်းစာများမှ အကျိုးကျေးဇူး များအသေအချာရရှိနိုင်မည်ဖြစ်ပါကြောင်း လူသားနှင့် သဘာဝသယံဇာတ အရင်းအမြစ်ပေါများသည့် ဖွံ့ဖြိုးစနိုင်ငံတစ်နိုင်ငံအနေဖြင့် ရေရှည်တည်တံ့သည့့်၊ ခံနိုင်ရည်ရှိသည့်၊ စနစ်ကျသည့့်၊ အလုံးစုံပါဝင် သည့်၊ ညီညွတ်မျှတသည့်ပြုပြင်ပြောင်းလဲမှုများအတွက် အလားအလာကောင်းများရှိနေပါကြောင်း၊ ဤအရာသည် မိမိတို့ရရှိနိုင်ရန် ရည်မှန်းထားသည့် ဆွေစဉ်မျိုးဆက်ဆိုင်ရာ အခွင့်အလမ်းတစ်ရပ် ဖြစ်ပါကြောင်း၊ ဤအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်များအရ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမျိုးသားအဆင့်စီမံကိန်းများနှင့် အကောင်အထည်ဖော်မှုများတွင် သယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့စေရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့်စီမံခန့်ခွဲရေးတို့ကို ထည့်သွင်းပေါင်းစပ် ဆောင်ရွက်ရန် အလွန်အရေးကြီးပါကြောင်း၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနှင့် သန့်ရှင်းသည့် စွမ်းအင်စနစ်ဆီသို့ အလျင်အမြန်ကူးပြောင်းရေးကို နိုင်ငံတကာက အသိအမှတ်ပြုထားသည့်အတွက် နိုင်ငံအစိုးရများနှင့် ပုဂ္ဂလိကကဏ္ဍများအနေဖြင့် အရေးတကြီး တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်သည့် အဓိကကျသည့် မူဝါဒနှင့် မဟာဗျူဟာ ကတိကဝတ်တွေအဖြစ် လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအနေဖြင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များရရှိစေရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒနှင့်ပင်မလုပ်ငန်းစဉ်၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်၊ အစိမ်းရောင်စီးပွားရေးဆိုင်ရာ မူဘောင်နှင့် စွန့်ပစ်ပစ္စည်းစီမံမှုဆိုင်ရာ မဟာဗျူဟာနှင့်လုပ်ငန်းစဉ်များကို နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ရေးဆွဲဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိအနေဖြင့် နိုင်ငံတော်၏ ရှေ့ဆက်ဆောင်ရွက်မည့် အစိမ်းရောင်စီးပွားရေး ကူးပြောင်းဆောင်ရွက်မှု နည်းလမ်းအချို့ကို ဖော်ညွှန်းလိုပါကြောင်း၊ စွမ်းအင်အသစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖွံ့ဖြိုးတိုးတက်ရေးနှင့် အချိန်ကာလသတ်မှတ်ချက်နှင့်အတူ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုရေးအတွက် ရည်မှန်းချက် ပန်းတိုင်များချမှတ်ခြင်း၊ စွမ်းအင်၊ ရေ၊ မြေနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းခြင်းနှင့် အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် တိုးမြှင့်ဆောင်ရွက်ခြင်း၊ စားသုံးမှုနှင့် ထုတ်လုပ်မှုပုံစံဆိုင်ရာအပြုအမူနှင့် အလေ့အကျင့်ကောင်းများ ပြောင်းလဲခြင်း၊ စွန့်ပစ်ပစ္စည်းကို အရင်းအမြစ်တစ်ခုအဖြစ် အလေးထားစဉ်းစားရမည့် အခြေခံသဘောတရားများ ပြောင်းလဲခြင်း၊ ဆန်းသစ်တီထွင်ဖန်တီးမှုများကို အထောက်အပံ့ဖြစ်စေမည့် စီပွားရေးဆိုင်ရာ မက်လုံးပေးမှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ ယန္တရားများဖန်တီးခြင်းနှင့် အခွင့်အလမ်းများ ပေါ်ထွက်လာစေရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ပညာရေးမြှင့်တင်ခြင်းတို့ ဖြစ်ပါကြောင်း၊ သဘာဝသယံဇာတများနှင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ပါဝင်ပတ်သက်သူများအားလုံးနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်ရာတွင် ရေရှည်စဉ်ဆက်မပြတ် သဘာဝသယံဇာတအရင်းအမြစ်များနှင့် ပြည့်စုံကောင်းမွန်သည့် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုများကို ထိထိရောက်ရောက်အကျိုးရှိစွာ မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ ဖိုရမ်အစီအစဉ်အရ စီပွားရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ၊ ပညာရပ်နှင့်သုတေသနဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်းပေါင်းစုံမှ အပြည်ပြည်ဆိုင်ရာနှင့်အမျိုးသားအဆင့် ဆွေးနွေးပြောကြားကြမည့် ပုဂ္ဂိုလ်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် ဆွေးနွေးရေးအတွက် အခွင့်အလမ်းသစ်များ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ဖိုရမ်မှထွက်ပေါ်လာမည့် ဆွေးနွေးညှိနှိုင်းမှုရလဒ်များသည် ပြည်သူအားလုံး၏ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံတွင် အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးမှုကို အလေးထားဆောင်ရွက်နိုင်ရန် အသုံးဝင်သည့်အကြံဉာဏ်များ၊ ထည့်သွင်းဆောင်ရွက်ရမည့် အချက်အလက်များ ပံ့ပိုးပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။

     ဆက်လက်၍အခမ်းအနားတွင် မြန်မာနိုင်ငံ အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု (အကျိုးအမြတ်မယူသော) အသင်း ဒါရိုက်တာအဖွဲ့ဝင် ဦးတင်ဝင်းအောင် မှလည်းကောင်း၊ ကနေဒါနိုင်ငံ သံအမတ်ကြီး Karen MacArthur မှလည်းကောင်း၊ အိန္ဒိယနိုင်ငံသံအမတ်ကြီး Vikram Misri မှ လည်းကောင်း၊ နော်ဝေနိုင်ငံသံအမတ်ကြီး Tone Tinnes မှလည်းကောင်း အဖွင့်အမှာစကားပြောကြားပြီး ဂျပန်နိုင်ငံ Global Environment Action မှ ညွှန်ကြားရေးမှူးချုပ်၊ Madam Wakako Hironaka မှ Keynote Speech အသီးသီးပြောကြားပါသည်။

     အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ မြို့တော်ဝန်များ၊ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဝင်များ၊ အမျိုးသားလွှတ်တော် သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံခြားသားပညာရှင်များနှင့်သက်ဆိုင်ရာဝန်ကြီး ဌာနများအပါအဝင် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တာဝန်ရှိသူများ စုစုပေါင်း (၄၅၀) ဦးခန့် တက်ရောက် ကြပါသည်။

      ဖွင့်ပွဲအခမ်းအနားအပြီးတွင် အစီအစဉ်အရ Round Table Dialogue Session (၃) ခုအား ဆက်လက်ကျင်းပခဲ့ပြီး Session တစ်ခုစီတွင် ထင်ပေါ်ကျော်ကြားသူများမှ “Innovative Partnerships and Cooperation for Green, Sustainable, Resilient, Smart, Inclusive Economic Growth” “The Nexus of Land – Freshwater – Marine: Promoting Productivity, Sustainability& Inclusiveness” “Socially Responsible Financing and Investments in Clean Energy and Sustainable Development” စသည့်ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးကြကာ ဖိုရမ်ပထမနေ့အခမ်းအနားကို ၁၇:၀၀ နာရီတွင် ရုပ်သိမ်းပါသည်။

      ဖိုရမ်ဒုတိယနေ့အခမ်းအနားကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် Parallel Session (၄)ခုကို တစ်ပြိုင်နက်တည်း ကျင်းပပြီး Summary Highlights and Closing Session တို့ကို ဆက်လက်ကျင်းပမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန