11
Nov

ကရင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွား လာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ကရင်ပြည်နယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် ဒုတိယဦးစီးမှူး ဦးရန်ပိုင်ဟိန်းတို့သည် ၉-၁၁-၂၀၁၈ ရက်နေ့တွင် မြဝတီမြို့၊ အ.ထ.က (သင်္ကန်းညီနောင်)ကျောင်း၌လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ရွှေအိမ်ပွင့်သည် ၁၃-၁၁-၂၀၁၈ ရက်နေ့တွင် ဘားအံမြို့နယ်၊ လှာကမြင်ကွက်သစ်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဦးစီးဌာန၌လည်းကောင်း၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းသည် ၁၈-၁၁-၂၀၁၈ ရက်နေ့တွင် မြဝတီခရိုင်၊ သင်္ကန်းညီနောင်ကျေးရွာ၌လည်းကောင်း၊ ဦးစီးအရာရှိ ဦးကျော်ဆန်းသည် ၂၀-၁၁-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် လှိုင်းဘွဲ့မြို့နယ်၊ အ.ထ.က(ထီလုံ)ကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် လှိုင်းဘွဲ့မြို့နယ်၊ အ.ထ.က(ခွဲ)ကော့လာကျောင်း၌လည်းကောင်း၊ ဦးစီးအရာရှိ ဦးကျော်ဆန်းသည် ၂၃-၁၁-၂၀၁၈ ရက်နေ့တွင် လှိုင်းဘွဲ့မြို့နယ်၊ အ.ထ.က (ဇာသပြင်)ကျောင်း၌လည်းကောင်း၊ ၂၄-၁၁-၂၀၁၈ ရက်နေ့တွင် ဘားအံမြို့နယ်၊ စက်မှုဇုန်ရှိစက်မှုလက်မှုပညာသင်တန်းကျောင်း၌လည်းကောင်း “ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာများ၊ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်း၊ ပလတ်စတစ်ဆိုးကျိုးများနှင့် အိုဇုန်းလွှာအကြောင်း၊ သတ္တုကဏ္ဍဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှု မူကြမ်းများအပေါ် ရှင်းလင်းဆွေးနွေးခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ဒေသတွင်းလုပ်ငန်းဆောင်ရွက်မှုအကြောင်း၊ သက်ရှိလောကတည်မြဲဖို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့၊ သဘာဝကို မြတ်နိုးပါ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်စို့” စသည့် ခေါင်းစဉ်ဖြင့်  ဟောပြောပို့ချဆွေးနွေးခဲ့ပြီး စုစုပေါင်း (၂၁၉၃) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။