04
May

ချင်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးသစ်အဆောက်အဦ ဖွင့်ပွဲအခမ်းအနား

“ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ချင်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ၄-၅-၂၀၁၆ ရက်နေ့ နံနက် (၀၈:၀၀) နာရီတွင် ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်ရှိ အဆိုပါ ရုံးသစ်အဆောက်အဦ ဆိုင်းဘုတ်ရှေ့၌ ကျင်းပရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေအေးနှင့် တာဝန်ရှိသူများက ရုံးသစ်အဆောက်အဦ ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပါသည်။ ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်က အမှာစကားပြောကြားရာတွင် သစ်တောများအပါအဝင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ၌ ဒေသခံပြည်သူများ သဘာဝပတ်ဝန်းကျင်အပေါ် အလွန်အကျွံမှီခိုအားထား ထုတ်ယူသုံးစွဲမှုများ လျော့နည်းသွားစေရေးအတွက် စီမံဆောင်ရွက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ရရှိရန်လိုအပ်ပါကြောင်း၊ မိမိတို့အားလုံး နောင်လာနောင်သား မျိုးဆက်သစ်များအတွက် သဘာဝပတ်ဝန်းကျင်ကောင်းများကို ဆက်လက်ထိန်းသိမ်း လက်ဆင့်ကမ်းပေးသွားကြရမည် ဖြစ်ပါကြောင်းဖြင့် ထည့်သွင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေအေးက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ်က ရုံးသစ်အဆောက်အဦဖွင့်ပွဲ အထိမ်းအမှတ်အလံငယ်ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်ထံသို့ ပေးအပ်ခဲ့ပါသည်။ ယနေ့ဖွင့်လှစ်သည့် ချင်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးသစ် အဆောက်အဦသည် အလျား ၆၀ ပေ၊ အနံ ၄၀ ပေ ရှိ သံကူကွန်ကရစ် တစ်ထပ်အဆောက်အဦ ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေကျပ် (၉၆.၂၀၀) သန်းဖြင့် မာစီပါကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။”