29
Jul

၂၀၁၅ ခုနှစ် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးနှစ်နှင့် ဒုတိယအကြိမ် အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သောကျောင်း ဆုချီးမြှင့်ပွဲကျင်းပခြင်း(၂၉-၇-၂၀၁၅)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ အာဆီယံအတွင်းရေးမှူး ချုပ်ရုံး၊ ဂျပန်အာဆီယံဘက်စုံရန်ပုံငွေ၊ ဟန်ဆိုက်ဒယ်လ်ဖောင်ဒေးရှင်းနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်တို့  ပူးပေါင်းစီစဉ်ကျင်းပသည့် “၂၀၁၅ ခုနှစ် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးနှစ်နှင့် ဒုတိယအကြိမ် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သောကျောင်း ဆုချီးမြှင့်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉:၀၀) နာရီတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

    ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် “၂၀၁၅ခုနှစ်အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှစ်နှင့် ဒုတိယအကြိမ်မြောက် အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျောင်းဆုချီးမြှင့်ပွဲ” ကို မြန်မာနိုင်ငံမှအိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့်ရသည့်အတွက် အထူးပင်ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်းနှင့် တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများနှင့် အာဆီယံမိတ်ဖက် (၃)နိုင်ငံတို့မှ ကိုယ်စားလှယ်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ကမ္ဘာ့ဒီရေတောဖုံးလွှမ်းမှု၏ ၃၅ ရာခိုင်နှုန်းနှင့် ကမ္ဘာ့သန္တာ ကျောက်တန်းတည်ရှိမှု စုစုပေါင်း ဧရိယာ၏ ၃၀ ရာခိုင်နှုန်းသည် အာဆီယံဒေသတွင်း တည်ရှိနေသဖြင့် ဂုဏ်ယူဖွယ်ရာဖြစ်ပါကြောင်း၊ အာဆီယံဒေသသည် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည့်အပြင် တိုင်းရင်းသားမျိုးနွယ်စု များပြားစွာ တည်ရှိပြီး ထူးခြားလှပသော  ရိုးရာယဉ်ကျေးမှုအမွေအနှစ်ပိုင်ဆိုင်ထားမှုကြောင့်  ကမ္ဘာပေါ်တွင် စွဲဆောင်မှု အပြည့်အဝရှိသည့် ဒေသတစ်ခုဖြစ်ပြီး စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ၊ လှည့်လည်ကြည့်ရှု အပန်းဖြေစရာ နေရာများ လည်း ပေါများလှပါကြောင်း၊ အာဆီယံဒေသတွင်း တည်ရှိနေထိုင် ကြသည့် လူမျိုးစုအများအပြားသည် သဘာဝသယံဇာတအရင်းအမြစ်များကို မှီခိုနေရသည့်အတွက် သယံဇာတအရင်းအမြစ်များအား  စဉ်ဆက်မပြတ်စီမံခန့်ခွဲ သုံးစွဲသွားနိုင်ရန် အထူးပင် အရေးကြီးလှပါကြောင်း၊ တစ်ဖက်မှာလည်း ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှု၊ လူဦးရေအဆမတန် တိုးပွားလာမှု၊ ဆင်းရဲမှု အနေအထားတို့ကြောင့် သဘာဝဘေးအန္တရာယ်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝသယံဇာတ များ ပျက်စီးဆုံးရှုံးခြင်း၊ သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးဆုံးရှုံးခြင်း အန္တရာယ် တို့ကိုကြုံတွေ့နေရပါ​ကြောင်း၊ ထို့ကြောင့် အာဆီယံဒေသတွင်းနိုင်ငံများကြား ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားမည်ဟူသည့် ကတိကဝတ်များကို ချမှတ်ထားပြီး ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်မှုမရှိလျှင် ရေရှည်စီးပွားဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ကြောင်းကို အလေးအနက်ခံယူလျက် အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် ၁၉၉၂ ခုနှစ် သမိုင်းဝင်မြေကမ္ဘာထိပ်သီးညီလာခံ မကျင်းပမီ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အေဂျင်စီ များနှင့် ဝန်ကြီးဌာနများအား တည်ထောင်ဖွင့်လှစ်ခဲ့ပြီး အမျိုးသားအဆင့်ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများကို ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက် ခဲ့သည့်အတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးလမ်းကြောင်းသို့ ရောက်ရှိအောင် လျှောက်လှမ်းရန် ဆန္ဒအပြည့်အဝရှိကြောင်းကို ထုတ်ဖော်ပြသနိုင်ခဲ့ပါကြောင်း၊ ကျွန်တော်တို့၏ ရည်မှန်းချက်ဖြစ်သည့် “A Clean and green ASEAN with fully established mechanism for sustainable development by 2020” ကို စိတ်ဝယ်အမြဲ အလေးအနက် ထားသင့်ပါကြောင်း၊ ၂၀၂၀ ခုနှစ် အာဆီယံ Vision နှင့်  ဟနွိုင်းစီမံချက်များကြောင့်  အာဆီယံဒေသတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုကို မြှင့်တင်နိုင်ခြင်း၊ သယံဇာတအရင်းအမြစ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နိုင်ခြင်းနှင့် လူနေမှုအဆင့်အတန်း တိုးမြှင့်နိုင်ခြင်းတို့ကို ဖော်ဆောင်နိုင်မည့်‌ အာဆီယံဒေသတွင်း စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဘောင်တစ်ရပ်ကို ချမှတ်နိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုရှိသော လူမှုအသိုက်အဝန်းတစ်ခုရရှိရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာပညာပေးရေးကို အဓိက အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးရေးကိုမြှင့်တင်နိုင်စေရန်၊ ပတ်ဝန်းကျင်အရ ဖွံ့ဖြိုးတိုးတက် နေသော မြို့တော်များ ဖြစ်တည်လာစေရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်ကို ဖော်ကျူးနိုင်မည့် အစိမ်းရောင်စီးပွားရေးကို မြှင့်တင်ဆောင်ရွက်နိုင်စေရန် ASEAN Environmental Education Action Plan ကို ရေးဆွဲချမှတ်ခဲ့ပါကြောင်း၊ ယင်း AEEAP စီမံချက်အရ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အယူအဆများနှင့် အလေ့အကျင့်များကို မြှင့်တင်နိုင်ခြင်းနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အသိပညာမြှင့်တင်ခြင်းဆိုင်ရာ ဒေသအဆင့်မူဘောင်ကို အထောက်အကူ ပြုစေနိုင်မည်ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကတိကဝတ် များကို ထည့်‌သွင်း သင်ကြားစေခြင်းကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးကို ဦးတည်မည့် ကျောင်း (school culture) ကို ဖော်ကျူးနိုင်မည်ဖြစ်ပါကြောင်း၊ ယခုကျင်းပပြုလုပ်သော အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှစ် အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခြင်းဖြင့်  အာဆီယံဒေသတွင်း သန့်ရှင်းစိမ်းလန်းသော ပတ်ဝန်းကျင်အခြေအနေရရှိရမည်ဟူသည့် အမြင်သို့ ဦးတည်ဆောင်ရွက် နေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဖွံ့ဖြိုးမိတ်ဖက်များအကြား  သတင်းအချက်အလက်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နည်းလမ်းများနှင့် အတွေ့အကြုံများကို ဖလှယ်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် Eco-School Programme အစီအစဉ်အရ ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ကျောင်းသင်ခန်းစာများအတွင်း ထည့်သွင်းသင်ကြားစေခြင်းဖြင့် ပတ်ဝန်းကျင်ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်ရမည်ဟူသည့် အခြေခံသဘောတရားကို ကျောင်းအသိုက်အဝန်းမှတစ်ဆင့် နေအိမ်များ၊ လူမှုအသိုက်အဝန်းများမှတစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊  Eco-School  ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆောင်ရွက်သွားခြင်းဖြင့် အာဆီယံဒေသအတွင်း Eco-School များ ပိုမိုပေါ်ပေါက်လာစေရန် AMS ကို တွန်းအားပေးမည့် စာသင်ကျောင်းများအကြား သတင်းအချက်အလက်များနှင့် အတွေ့အကြုံ များကို ဖလှယ်ပေးနိုင်မည့်အခွင့်အလမ်းများကို ပံ့ပိုးကူညီနိုင်မည်ဖြစ်ပါကြောင်း၊ ဒီကနေ့ အခမ်းအနား အတွက် အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့်  “ Empowering the Youth for a Green ASEAN Community” ဟူသည့် ဆောင်ပုဒ်သည် မျိုးဆက်သစ်လူငယ်များကို စာသင်ကျောင်းများတွင် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်စေသော အလေ့အကျင့်ကောင်းများကိုချမှတ်ရန် တွန်းအားပေးနိုင် မည်ဖြစ်ပါကြောင်း၊ အာဆီယံဒေသတွင်းနှင့်‌ ကမ္ဘာတစ်ဝှမ်း ကြုံတွေ့နေရသည့် ပတ်ဝန်းကျင် ပြဿနာရပ်များကို ဖြေရှင်းနိုင်ရန် အာဆီယံနိုင်ငံများ ပူးပေါင်း၍ အာဆီယံဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုစီမံချက်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုသည် အထူးအရေးတစ်ကြီး လိုအပ်သည့် အပြင် နိုင်ငံတကာအဖွဲ့အစည်းများမှ ရေရှည်စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုများလည်း အထူးလိုအပ် ပါကြောင်း၊ အာဆီယံ Plus Three နိုင်ငံများ ဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများအပြင် အခြားဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများသည် ကမ္ဘာတစ်ဝှမ်း ပတ်ဝန်းကျင်ပြဿနာရပ်များကို ဖြေရှင်းမှုများတွင် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အာဆီယံဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် နည်းပညာနှင့်ရန်ပုံငွေအထောက်အပံ့များ ကူညီ ပံ့ပိုးပေးလျက်ရှိသဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားပါသည်။

            အခမ်းအနားသို့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၊ ဒုတိယ ဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ  အမြဲတမ်းအတွင်းဝန်များနှင့်  ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လာအိုနိုင်ငံ သဘာဝ အရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ Mrs. Bounkham Vorachit၊  ထိုင်းနိုင်ငံ သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အကြံပေး အရာရှိ၊ General Ekachai Chansri၊ ဂျပန်နိုင်ငံ သံအမတ်ကြီး၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ  ပတ်ဝန်းကျင်ဆိုင်ရာအရာရှိကြီးများနှင့် အာဆီယံမိတ်ဖက် သုံးနိုင်ငံမှ ပတ်ဝန်းကျင်ဆိုင်ရာ အရာရှိကြီးများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ ဟန်ဆိုက်ဒယ်လ် ဖောင်ဒေးရှင်းနှင့် ဖိတ်ကြားထားသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ဧည့်သည်တော်များ၊  တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ဆက်လက်၍ အစီအစဉ်အရ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံလူမှုအသိုက်အဝန်းနှင့် စုပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်က အမှာစကား ပြောကြားပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာန၊ ဒုတိယနှစ်ကျောင်းသူ မဝင်းသန့်သန့် က ၂၀၁၅ အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးနှစ် ဆောင်ပုဒ်ဖြစ်သည့် အာဆီယံ အစိမ်းရောင် လူမှုအသိုက်အဝန်း ၂၀၁၅ အတွက် လူငယ်များကို တာဝန် လွှဲအပ်ဆောင်ရွက်စို့ ခေါင်းစဉ်ဖြင့် ဖတ်ကြားတင်ပြကာ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးပြီး ဖွင့်ပွဲအခမ်းအနားကို နံနက် (၁၀:၁၅) နာရီတွင် ရုပ်သိမ်းလိုက်သည်။

          အာဆီယံနိုင်ငံများအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့်ညီညွတ်သောကျောင်း အကောင် အထည်ဖော်မှုဆိုင်ရာ အကောင်းဆုံးအလေ့အကျင့်များ ဖလှယ်သည့် ဆွေးနွေးပွဲကို (၁၄:၀၀) နာရီတွင် ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် မိတ်ဖက်သုံးနိုင်ငံမှ ဆောင်ရွက်မှု အတွေ့အကြုံများကို ဆွေးနွေးတင်ပြကြပါသည်။

          ညနေပိုင်းတွင် ဒုတိယအကြိမ် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့်ညီညွတ်သော ကျောင်း ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အစီအစဉ်အရ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ဟန်ဆိုက်ဒယ်လ် ဖောင်ဒေးရှင်း၊ ဂျပန်နိုင်ငံ ကိုယ်စားလှယ်တို့က အမှာစကားများ အသီးသီးပြောကြားပြီး ယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေတင်ဆက်ပါသည်။

          ထို့နောက် အာဆီယံနိုင်ငံများမှ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့်ညီညွတ်သော ကျောင်း ဆုရရှိသည့် အခြေခံပညာ မူလတန်းနှင့် အထက်တန်းအဆင့် ကျောင်း(၂၀) အား ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက ဆုများချီးမြှင့်ပါသည်။ အဆိုပါ ကျောင်းဆုရွေးချယ်ရာတွင် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သောကျောင်း စိစစ်ရွေးချယ်ရေးဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ ကျောင်း၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စပ်လျဉ်းသည့် မူဝါဒနှင့် စီမံခန့်ခွဲမှု၊ သင်ရိုးညွှန်းတမ်းနှင့် သင်ယူမှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုပုံစံ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အလေ့အကျင့်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ထိတွေ့ဆက်ဆံမှုများကို အညွှန်းကိန်း များဖြင့် သတ်မှတ်၍ အာဆီယံစံသတ်မှတ်ချက်နှင့် ကိုက်ညီသော အခြေခံပညာ မူလတန်းနှင့် အထက်တန်းကျောင်း (၁) ကျောင်းစီကို သက်ဆိုင်ရာနိုင်ငံအလိုက် အဆိုပြုပြီး ဆုချီးမြှင့်ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့်ညီညွတ်သော ကျောင်းဆုအတွက် ပညာရေးဝန်ကြီးဌာနမှ အဆိုပြု ပေးပို့ခဲ့သည့် မအူပင်မြို့နယ် ရွာသစ်စုကျေးရွာ မူလတန်းကျောင်း နှင့် အမှတ် ၂၆ အခြေခံပညာ အထက်တန်းကျောင်း၊ မန္တလေးတို့မှ ဆုရရှိပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက ဆု တက်ရောက် ရယူခဲ့ပါသည်။

          ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က အာဆီယံနှင့် မိတ်ဖက် (၃)နိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ပြီး ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပါသည်။ ညစာစားပွဲ သုံးဆောင် နေစဉ်အတွင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက ကပြဖျော်ဖြေကြကြောင်း သတင်းရရှိ ပါသည်။”