18
May

စတုတ္ထအကြိမ်မြောက် အစိမ်းရောင်စီးပွားရေးအစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ကျင်းပခြင်း(၄.၂.၂၀၁၅)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနနှင့် အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့-မြန်မာ(Green Economy Green Growth-GEGG (not for profit)  Myanmar)တို့ ပူးပေါင်း၍စတုတ္ထအကြိမ် အစိမ်းရောင် စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် ဒုတိယနေ့အဖြစ် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နေပြည်တော်၊  MICC II ၌ ဆက်လက်ကျင်းပခဲ့ပါသည်။

          စတုတ္ထအကြိမ် အစိမ်းရောင်စီးပွားရေးအစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် ဒုတိယနေ့သို့ အဆင့်မြင့်အရာရှိကြီးများ၊ ပြည်တွင်းနှင့်နိုင်ငံတကာအဖွဲ့အစည်းများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ သတင်း မီဒီယာများ စုစုပေါင်း( ၂၀၀ ) ဦး တက်ရောက်ခဲ့ပါသည်။

စတုတ္ထအကြိမ် အစိမ်းရောင်စီးပွားရေးအစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် ဒုတိယနေ့၌ (၁) အစိမ်းရောင်ထုတ်ကုန်မြှင့်တင်ရေး (Green Productivity Improvement) (၂) ခံနိုင်ရည်ရှိသည့် အစိမ်းရောင်အခြေခံစနစ်များ တည်ဆောက်ရေး၊ (Green, Resilient, Smart Built Systems) နှင့်  (၃) တာဝန်ရှိမှု တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖော်ဆောင်ရေး (Responsible & Sustainable Tourism) ဟူ၍  ကဏ္ဍ (၃)ခု ကို  Parallel Sessions များဖြင့် တစ်ပြိုင်တည်း ခွဲ၍ကျင်းပခဲ့ပါသည်။

Parallel Session (၁) တွင် သစ်တောတက္ကသိုလ်(ရေဆင်း)၊ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာစန်းဝင်းနှင့် Cornell University မှ ပါမောက္ခ Mr. Alexander J. Travis တို့မှ  တွဲဘက်သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သားငါးကဏ္ဍ များတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်နေပြည်သူများ၏ စီးပွားရေးနှင့်လူမှုရေးစဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်လာရေးအတွက်လည်းကောင်း၊ မြန်မာနိုင်ငံ ပို့ဆောင်ရေးအခြေခံအဆောက် အဦများအား သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတမျှတသော သယ်ယူပို့ဆောင်ရေးကဏ္ဍဖြစ်ပေါ် စေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လည်းကောင်း၊ မဲခေါင်ဒေသတွင်း အတွေ့အကြုံများကိုအခြေခံ၍ အနာဂတ်တွင် ဧရာဝတီမြစ်ဝှမ်းဒေသ စိုက်ပျိုးထွက်ကုန် တိုးတက် စေရေးအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်သော သဘာဝသယံဇာတအရင်းအမြစ်များရရှိရန်၊ လူမှုစီးပွား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

          Parallel Session (၂) တွင် Institute for Global Environmental Strategies- IGES မှ Mr. Toshiyuki Iwadou မှ သဘာပတိအဖြစ်လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေအေးမှ တွဲဘက်သဘာပတိအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ ပါသည်။ ကာဗွန်ထုတ်လွှတ်မှုလျော့ချသည့် လူမှုအဖွဲ့အစည်းနှင့်သက်ဆိုင်သည့် မူဝါဒများ၊ မဟာဗျုဟာများ၊ သတင်းအချက်အလက်များ၊ အသိပညာဗဟုသုတများ၊ စွမ်းဆောင်ရည် မြှင့်တင်မှု ဆိုင်ရာလုပ်ငန်းစဉ်များ၊ Low Carbon Society တည်ထောင်ရေးအတွက် အကောင်အထည် ဖော်ဆောင်နိုင်မည့်လုပ်ငန်းစဉ်များ၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ နည်းပညာဆိုင်ရာများ၊ ကာဗွန် ထုတ်လွှတ်မှုလျော့ချရေး၊ ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေမှုရှိသော လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်စေရေး၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ငွေကြေးယန္တရားနှင့်စပ်လျဉ်း၍ စွမ်းဆောင်ရည် မြှင့်တင်စေရေးတို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နှင့် လျှပ်စစ်စွမ်းအင်ပိုမိုရရှိနိုင်စေရေး အတွက်လိုအပ်သော ခေတ်မှီစူးစမ်းလေ့လာမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သွားရန်တို့ကိုလည်းကောင်း အသီးသီးဆွေးနွေး တင်ပြကြရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းမှ Myanmmar Path way to Low Carbon Green Growth ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ မေးခွန်းနှင့် အကြံပြုချက်များအား ဆွေးနွေးခဲ့ကြ ပါသည်။

          Parallel Session (၃)တွင် Myanmar Center for Responsible Business. MCRB၊ ညွှန်ကြားရေးမှူး Ms. Vicky Bowman နှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် UNDP Regional Technical Advisor Biodiversity & Ecosystem၊ Ms. Midori Paxton တို့မှ တွဲဘက်သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။ တာဝန်ရှိမှုတာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့ သော ခရီးသွားလုပ်ငန်းဖော်ဆောင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူတို့၏ လူမှုရေး၊ ဓလေ့စရိုက်နှင့်ယဉ်ကျေးမှုဆိုင်ရာအသိပညာများ ပိုမိုတိုးတက်မြင့်မားလာစေရေး အတွက်လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။

နေပြည်တော်၌ ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ် အစိမ်းရောင်စီးပွားရေးအစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး ဖိုရမ်ကို ညနေ (၁၈:၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့နှင့် ၆ ရက်နေ့များတွင် မန္တလေးမြို့၊ မန္တလေး တက္ကသိုလ်၌ စတုတ္ထအကြိမ် အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်အား ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။