18
May

စတုတ္တအကြိမ်မြောက် အစိမ်းရောင်စီးပွားရေးအစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ကျင်းပခြင်း(၃.၂.၂၀၁၅)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် အစိမ်းရောင်စီးပွားရေး အစိမ်း ရောင်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့-မြန်မာ(GEGG (not for profit) Myanmar)တို့ ပူးပေါင်း၍စတုတ္ထအကြိမ် အစိမ်းရောင် စီးပွားရေးအစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော်၊ MICC II ၌ ကျင်းပခဲ့ပါသည်။ စတုတ္ထအကြိမ်အစိမ်းရောင်စီးပွားရေးအစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ဆက်စပ်ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်သတ္ထုနှင့်သယံဇာတရေးရာကော်မတီဥက္ကဌနှင့်ကော်မတီဝင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ ပြည်တွင်းနှင့်နိုင်ငံတကာ အဖွဲ့အစည်းများမှဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူကိုယ်စားလှယ်များ၊ အစိုးရမဟုတ် သောအဖွဲ့အစည်း များမှကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ စုစုပေါင်း( ၂၂၀ )ဦး တက်ရောက်ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ အဖွင့်အမှာစကား ပြောကြားပြီး အစိမ်းရောင်စီးပွားရေးအစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ ဥက္ကဌ ဦးသိန်းထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး Mrs. Ann Ollestad ၊ UN Resident and Humanitarian Coodinator နှင့် ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၊ ဌာနေကိုယ်စားလှယ် Ms. Renata Lok-Dessallien တို့မှ ကြိုဆိုနှုတ်ခွန်းဆက်စကားအသီးသီးပြောကြားပြီး အစည်းအဝေးအားခေတ္တရပ်နားခဲ့ပါသည်။ ဆက်လက်၍ စတုတ္ထအကြိမ်အစိမ်းရောင်စီးပွားရေးအစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ကို အပိုင်း (၃)ပိုင်းခွဲ၍ကျင်းပခဲ့သည်။ ဖိုရမ်၏ ဆောင်ပုဒ်ဖြစ်သည့် ထာဝစဉ်တည်တံ့စေသော သဘာဝ သယံဇာတများ၊ လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကျယ်ပြန့်သောပူးပေါင်းပါဝင် ဆောင်ရွက်မှုနှင့် နက်ရှိုင်းသောပေါင်းစပ်ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန်( Expanding Cooporation & Deepening Integration for Sustainable Natural Resources,Social & Economic Development) အားအခြေခံ၍ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို အပိုင်း(၃) ပိုင်းခွဲ၍ သက်ဆိုင်ရာပညာရှင်အသီးသီး၏ အမြင်ရှု့ထောင့်များကို ဆွေးနွေးကြပါသည်။ ပထမပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲကို ဂျပန်နိုင်ငံ၊ Institute for Global Environmental Steragies – IGES မှ ညွှန်ကြားရေးမှူးချုပ်ဟောင်း Hon. Toshiyuki Iwado၊ Cornell University မှ Professor Alexander Travis၊ ELTEK Norway မှ Sven Skaug၊ GEGG အဖွဲ့ဝင်ဒါရိုက်တာဖြစ်သူ ဦးကျော်တင့်ဆွေ တို့မှ ထာဝစဉ်တည်တံ့စေသော သဘာဝ သယံဇာတများ၊ လူမှုရေးနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျယ်ပြန့်သောပူးပေါင်းပါဝင် ဆောင်ရွက်မှုနှင့်နက်ရှိုင်းသော ပေါင်းစပ်ဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားရန်နှင့် ပတ်သက်၍ မူဝါဒများ၊ မဟာဗျူဟာများ၊ နည်းပညာ များ၊ အစိမ်းရောင်စီးပွားရေးအစိမ်ရောင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာသုတေသနလုပ်ငန်းများ စသည့် အကြောင်းအရာ များအပေါ် ပညာရှင်အသီးသီးမှဆွေးနွေး ခဲ့ကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ မေးမြန်းလာသည့် မေးခွန်းများ၊ အကြံပြုချက် များကို ပြန်လည်ဖြေကြားခဲ့ကြပါသည်။ ဒုတိယအပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းမှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီးဆွေးနွေးပွဲကို World Wildlife Fund (WWF-USA) မှ Vice President ဖြစ်သူ Mr. Kate Newman၊ ဆွီဒင်နိုင်ငံ Stockholm Environment Institute -SEI မှ ဒါရိုက်တာဖြစ်သူ Dr., Eric Kemp၊ National Commission on Social and Economic Affairs ဥက္ကဌ၊ GEGG အဖွဲ့ဝင် ဦးတင်ထွဋ်ဦး၊ အိန္ဒိယသံအမတ်ကြီးဖြစ်သူ Mr. Gautam Mukhopadhaya တို့မှ ရေသယံဇာတစီမံခန့်ခွဲမှု၊ တန်းတူညီမျှမှုအခွင့်အရေးနှင့် နည်းပညာဆိုင်ရာများအပေါ်ပညာရှင်အသီးသီးမှဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့်ကိုယ်စားလှယ်များမှ မေးမြန်းလာသည့် မေးခွန်းများ၊ အကြံပြုချက်များကို ပြန်လည်ဖြေကြားခဲ့ကြပါသည်။ တတိယအပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုဦးမှ သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ဆွေးနွေးပွဲကို ပြင်သစ်နိုင်ငံ GREEN LOTTUS အဖွဲ့မှ ပြင်သစ်လွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်သူ Hon. Jean-Marc၊ သြစတြေးလျနိုင်ငံ၊ ကုလသမဂ္ဂစက်မှု ဖွံ့ဖြိုးမှု ဆိုင်ရာ အဖွဲ့အစည်းမှ Dr. Rene VAN BERKEL၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအဖွဲ့ဥက္ကဌ ဦးဝင်းခိုင်၊ အင်ဒိုနီးရှားနိုင်ငံ Bogor စိုက်ပျိုးရေးတက္ကသိုလ် မှ ပါမောက္ခ Rizaldi Boer၊ အမေရိကန် နိုင်ငံ Smithsonian Institution မှ Dr.Melisa Songer တို့မှ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နည်းပညာများ၊ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအပေါ် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ မေးမြန်းလာသည့် မေးခွန်းများ၊ အကြံပြုချက်များ ကိုပြန်လည် ဖြေကြားခဲ့ ကြပါသည်။ ဖိုရမ်အား မွန်းလွဲပိုင်း (၁၇:၃၀) နာရီတွင်ရပ်နားခဲ့ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။