28
Oct

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ (၂၀) ကြိမ်မြောက် Eco Expo Asia 2025 ပြပွဲသို့ တက်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့၊ ပတ်ဝန်းကျင် နှင့် ဂေဟစနစ်ဆိုင်ရာဝန်ကြီးဌာနဝန်ကြီး H.E. Mr. TSE China-wan ၏ ဖိတ်ကြားချက်အရ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ Hong Kong Asia World-expo ၌ အောက်တိုဘာလ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပသည့် (၂၀) ကြိမ်မြောက် ၂၀၂၅ ခုနှစ် Eco Expo Asia သို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အောက်တိုဘာလ ၂၈ ရက်တွင် Eco Expo Asia ဖွင့်ပွဲအခမ်းအနားကို Hong Kong Asia World-expo ၌ ကျင်းပခဲ့ရာ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့၊ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဆိုင်ရာဝန်ကြီးဌာနဝန်ကြီး H.E. Mr. TSE Chin-wan က အဖွင့်မိန်ခွန်းပြောကြားခဲ့ပြီး၊ ၎င်းနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် တက်ရောက်လာသည့် နိုင်ငံ့ကိုယ်စားလှယ် ခေါင်းဆောင်များမှ Eco Expo Asia 2025 ပြပွဲကို ဖွင့်လှစ်ပေးခဲ့ကြသည်။

Eco Expo Asia Conference – Government Session (1) တွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲများ၊ သစ်တောများ၊ သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝပြီး ဂေဟစနစ်အခြေပြု ဖွံ့ဖြိုးရေးဆိုင်ရာ အခွင့်အလမ်းများစွာရှိကြောင်း၊ အာရှဒေသတွင်း နိုင်ငံများ နည်းတူ ကြီးမားသည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါကြောင်း၊ ၎င်းစိန်ခေါ်မှု များကို လျှော့ချနိုင်ရေးအတွက် မြန်မာနိုင်ငံတွင် ခိုင်မာသော မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်း အစီအစဉ်များကို ရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် ကာဗွန်မျှခြေ ရရှိရေးဆိုင်ရာ ခိုင်မာသည့် မူဝါဒနှင့် မဟာဗျူဟာ အစီအစဉ်များ ချမှတ်ပြီး ဆောင်ရွက် လျက်ရှိကြောင်း၊ ပါရီသဘောတူညီချက်အရ “အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချ ရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေးလုပ်ငန်း အစီအစဉ် (NDCs)” ကို ၂၀၂၁ ခုနှစ်တွင် တင်ပြခဲ့ပြီး ၂၀၃၀ ပြည့်နှစ် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ရည်မှန်းချက်များ ရရှိရေးအတွက် သဘာဝအခြေပြု ဖြေရှင်းနည်းလမ်းများ (Nature-based Solutions) ဖြစ်သည့် အမြဲတမ်း သစ်တောနယ်မြေများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ၊ သစ်တောစိုက်ခင်းများ တိုးမြှင့်တည် ထောင်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ စွမ်းဆောင်ရည်နှင့်အညီ “NDC 3.0” ကို ဖော်ဆောင် လျက်ရှိပါကြောင်း၊ ပြည်သူလူထုပူးပေါင်းပါဝင်သည့် အစိမ်းရောင်ဖွံ့ဖြိုးရေး ကမ်ပိန်းများ ဆောင် ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝအရင်းအမြစ်များအား အကျိုးရှိစွာအသုံးပြုမှုကို ဦးစားပေးသည့် ကာဗွန်ထုတ်လွှတ်မှုနည်းသော၊ တာဝန်ရှိသော ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် အတွက် အစိမ်းရောင်စီးပွားရေးမူဝါဒမူဘောင်ကိုလည်း ရေးဆွဲလျက်ရှိပါကြောင်း၊  စွန့်ပစ်ပစ္စည်း ထွက်ရှိမှုတိုးလာခြင်းကို တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) နှင့် ပလတ်စတစ် ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် ပလတ်စတစ် စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၅)ကို ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်အရှိန် မြှင့်တင် ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေး အတွက် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်များဖြင့် အမြဲပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါ ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဧည့်သည်တော်များ၊ သံတမန်များနှင်အတူ အစိမ်းရောင် အခြေပြု စီမံကိန်းပြခန်းများ၊ ဂေဟစနစ်နှင့် လိုက်လျောညီထွေသည့် ထုတ်ကုန်များဆိုင်ရာ ပြခန်း များ၊ လေအရည်အသွေး သန့်စင်ပေးခြင်းဆိုင်ရာ ပြခန်းများ၊ အမှိုက်များ ပြန်လည်သန့်စင်ခြင်းနှင့် စွမ်းအင်ထုတ်လုပ်ခြင်းဆိုင်ရာ ပြခန်းများ၊ စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများ အခြေပြုစွမ်းအင်ထုတ် လုပ်မှုဆိုင်ရာ ပြခန်းများ၊ အစိမ်းရောင် အဆောက်အဦများ ဖွံ့ဖြိုးရေးဆိုင်ရာ ပြခန်းများ၊ အစိမ်း ရောင် ပို့ဆောင်ဆက်သွယ်ရေးဖြစ်သည့် လျှပ်စစ်ကား၊ လျှပ်စစ်နှင့် ဓာတ်ငွေ့သုံး Hybrid ကားနှင့် ဟိုက်ဒရိုဂျင် လောင်စာသုံးကားများဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဟောင်ကောင်၏ မဟာ ဗျူဟာနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရရှိရေးအတွက် ဆောင်ရွက်နေသော အစိမ်းရောင်ရင်းနှီး မြှုပ်နှံ မှုများ၊ ကာဗွန်မျှခြေရရှိရေးနှင့် ပတ်လည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အစိမ်းရောင် အဆောက် အဦများ ဖွံ့ဖြိုးရေးနှင့် စွမ်းအင်ချွေတာရေး၊ ကာဗွန်ဈေးကွက် ဖွံ့ဖြိုးရေးနှင့် ဟိုက်ဒရိုဂျင်စွမ်းအင် အခြေပြု ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေး၊ စွန့်ပစ်ပစ္စည်းများမှ စွမ်းအင်ထုတ်လုပ်သုံးစွဲရေး စသည့် အကြောင်းအရာများ ပါဝင်သော နည်းပညာနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့ပါသည်။