14
Jan

ကိုရီးယားနိုင်ငံ၏ Ecosian ကုမ္ပဏီမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်နှင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ လာရောက်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးသတင်းလွှာ

မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်၍ ရာသီဥတုပြောင်းလဲမှုလျှော့ချရာတွင် အထောက်အကူပြုသည့် မှန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုနည်းသည့် နည်းပညာအသုံးပြုသည့် စက်မှုဇုန်များ ထွက်ပေါ်လာနိုင်ရေး၊ နိုင်ငံတကာတွင်လွှဲပြောင်းကုန်သွယ်နိုင်သည့် ကာဗွန်လျှော့ချမှု ရလဒ်ဆိုင်ရာများ၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနည်းပညာနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၈) တွင် ၁၂-၁-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်းအမှုထမ်းစုစုပေါင်း (၉) ဦးနှင့် ကိုရီးယားနိုင်ငံ၊ Ecosian ကုမ္ပဏီမှ တာဝန်ရှိသူ (၂) ဦး စုစုပေါင်း (၁၁) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် အမျိုးသားအဆင့်လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်ရေးတို့ကို အကောင်အထည်ဖော်ရာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ထည့်သွင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိရာ အမျိုးသားအဆင့်သာမက နိုင်ငံတကာဖြင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ INDC ကို ၂၀၁၅ ခုနှစ်တွင် UNFCCC သို့ တင်ပြခဲ့ပြီး ပြန်လည် ပြင်ဆင်ခဲ့သည့် မြန်မာနိုင်ငံ NDCs အစီရင်ခံစာကို ၂၀၂၁ ခုနှစ်တွင် UNFCCC သို့ တင်သွင်းခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံ၏ ဖွံ့ဖြိုးမှုအခြေအနေအပေါ် အခြေခံကာ NDCs တွင် မှန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေးရည်မှန်းချက်အနေဖြင့် ၂၀၃၀ ခုနှစ် အရောက်တွင် နိုင်ငံတော်၏ရန်ပုံငွေနှင့် စွမ်းဆောင်ရည်ဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တန် (၂၄၄.၅၂) သန်းလျှော့ချမည်ဖြစ်ပြီး၊ နိုင်ငံတကာမှ ငွေကြေးနှင့် နည်းပညာ အထောက်အပံ့ရရှိပါက ကာဗွန်ဒိုင်အောက်ဆိုဒ်တန် (၄၁၄.၇၅) သန်း အထိ လျှော့ချမည်ဖြစ်ပါကြောင်း၊ အဆိုပါကတိကဝတ်များသည် နိုင်ငံ၏ အခြေအနေ အပေါ် မူတည်ကာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအားထုတ်မှုအတွက် မြင့်မားသည့် လျှော့ချရေးကတိကဝတ်များ ဖြစ်ပါကြောင်း၊ လက်ရှိတွင် NDCs ပါ ရည်မှန်းချက်များပြည့်မီနိုင်ရန် ဆက်စပ်ဌာနများဖြင့် ညှိနှိုင်းပေါင်းစပ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြားတစ်ဖက်တွင် ကာဗွန်ထုတ်လွှတ်မှုလျော့နည်းသည့် ဖွံ့ဖြိုးမှုရရှိစေရန်နှင့် ကာဗွန်သွယ်ဝိုက်လျှော့ချသည့်လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်နိုင်သည့်ကာဗွန်ဈေးကွက်တွင်ပါဝင်လျက် Clean Development Mechanism – CDM ပုံစံ စီမံကိန်းနှင့် JCM ပုံစံ စီမံကိန်းများကိုလည်း အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊  ထို့အပြင် ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေရှိစေရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးလှုပ်ရှားမှုများကို မြှင့်တင်ခြင်းဖြင့် ကာဗွန်ထုတ်လွှတ်မှုနည်းသော ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်ရည်ရွယ်၍ အမျိုးသားပတ်ဝန်းကျင် မူဝါဒထုတ်ပြန်ချက်အပေါ် အခြေခံထားသည့် မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (MCCPSMP) တို့ကို ၂၀၁၉ ခုနှစ်တွင် ပြဌာန်းခဲ့ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင်လည်း ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးတို့နှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးသွားကြရန် ပြောကြားခဲ့ပါသည်။ ထို့နောက် ကိုရီးယားနိုင်ငံ၊ Ecosian ကုမ္ပဏီမှ Managing Director, Mr. JEOH SEUNGJAE က မြန်မာ NDCs အစီရင်ခံစာပါ စွမ်းအင်ကဏ္ဍအထူးသဖြင့် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ ကတိကဝတ်များ၊ Ecosian ကုမ္ပဏီမှ ၂၀၂၀- ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများ၊ အင်ဒိုနီးရှားနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေသည့် စက်မှုဇုန်များနှင့်စီမံကိန်းများ၊ ကာဗွန်လျှော့ချရေးနှင့် စက်မှုလုပ်ငန်းများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ အသုံးချနိုင်သည့် နည်းပညာနှင့်အခွင့် အလမ်းများ၊ မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ဆောင်လိုသည့် အစီအစဉ်များ စသည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းပြောကြားခဲ့ပြီးနောက်  ဆွေးနွေးပွဲကို နံနက် (၁၁:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။