27
May

၂၀၂၀ ပြည့်နှစ် ၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် WED 2020 Quiz (Facebook Live) ထုတ်လွှင့်ပြသခြင်းနှင့် ဆုချီးမြှင့်ခြင်းအစီအစဉ်အား “တို့ကမ္ဘာမြေရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီထိန်းသိမ်းကြစို့” ဆောင်ပုဒ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

WED 2020 Quiz (Facebook Live) အစီအစဉ်၏ စည်းကမ်းချက်များ

 ၁။      ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရည်မှန်းချက် များနှင့် လက်တွေ့ဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာ ပြန့်ပွားရေးနှင့် လှုပ်ရှားမှုများအတွက် တိုက်တွန်းနှိုးဆော်သည့် နိုင်ငံတကာအခမ်းအနားတစ်ရပ် ဖြစ်ပါသည်။

၂။       နှစ်စဉ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အနုပညာပြပွဲ၊ စာစီစာကုံး၊ ဆောင်းပါးနှင့် ပိုစတာပြိုင်ပွဲ၊ ပြည်သူလူထုလှုပ်ရှားမှုသစ်ပင်စိုက်ပွဲများ၊ ကပွဲ၊ ရုပ်ရှင်ပွဲတော်များအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု အမျိုးမျိုး ကို ကျင်းပပြုလုပ်ကြပါသည်။

၃။      မြန်မာနိုင်ငံတွင် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာများ စိမ့်ဝင် ပြန့်နှံ့လာစေရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူတို့ကိုယ်တိုင် ပူးပေါင်း ပါဝင်ဆောင်ရွက်လာစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။

၄။      ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယခု ဖြစ်ပေါ်နေသော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွား လျက်ရှိပါသဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းမပြုတော့ဘဲ Digital Campaign ပုံစံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၅။      သို့ဖြစ်ပါ၍ Digital Campaign ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဉီးစီးဌာန၏ Facebook Page တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သော အမေးအဖြေ အစီအစဉ် (WED 2020 Quiz) အား ၂-၆-၂၀၂၀ ရက်နေ့မှ ၄-၆-၂၀၂၀ ရက်နေ့အထိ နေ့လယ် (၁၃:၃၀) နာရီတွင် (၃) ရက်တိုင်တိုင် Live လွှင့်၍ တင်ဆက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ Live အစီအစဉ်တွင် ပါဝင်ဖြေဆိုလိုသူများအား ဖိတ်ခေါ်အပ်ပါသည်။ Live အစီအစဉ်အတွက် စည်းကမ်း ချက်များမှာ အောက်ဖော်ပြပါအတိုင်းချမှတ်ထားကြောင်း လေးစားစွာအသိပေးအပ်ပါသည်-

(က)    WED 2020 Quiz အစီအစဉ်အား ၂-၆-၂၀၂၀ ရက်နေ့မှ ၄-၆-၂၀၂၀ ရက်နေ့ အထိနေ့လယ် (၁၃:၃၀) နာရီ  တွင် စတင်မည်ဖြစ်ကာ တစ်ရက်လျှင် မေးခွန်း (၁၀) ခု ဖြင့် စုစုပေါင်း (၃) ရက်အတွက် မေးခွန်း (၃၀) ခုအား မေးမြန်းသွားမည်ဖြစ်ပါသည်။

(ခ)     WED 2020 Quiz မေးခွန်းမေးမြန်းရာ၌ မေးခွန်းတစ်ခုလျှင် (၂) ကြိမ် ဖတ်ပြသွားမည် ဖြစ်ပြီး ဖြေဆိုချိန် (Comment ပေးချိန်) အား (၃) မိနစ် စောင့်ဆိုင်းပေးသွားမည် ဖြစ်ပါသည်။

(ဂ)     မေးခွန်းဖြေဆိုရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန Page ဘက်သို့ အရင်ဆုံးတက်လာသော အဖြေမှန် Comment သည်သာ အတည်ဖြစ်ပါသည်။

(ဃ)    Live ထုတ်လွှင့်မှု တစ်စုံတစ်ရာ (ဉပမာ – အင်တာနက် Connection,…) ချို့ယွင်းခဲ့ လျှင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။

(င)     ယခုအစီအစဉ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာနမှ ဝန်ထမ်းများ ပါဝင်ဖြေဆိုခွင့် မရှိပါ။

(စ)     အဖြေမှန်သူများအား မေးခွန်းတစ်ခုအတွက် ဖုန်းဘေလ် (၅၀၀၀) ချီးမြှင့်မည်ဖြစ်ပါသည်။

(ဆ)    ဆုရရှိသူများစာရင်းအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန Facebook Page နှင့် Website တွင် ပြန်လည်ကြေညာပေးသွားမည် ဖြစ်ပါသည်။

(ဇ)     အဖြေမှန်သူများ အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန Messenger Chat Box သို့ ဖုန်းဘေလ် ဖြည့်သွင်းပေးရမည့် ဖုန်းနံပါတ်များအား မှန်ကန်စွာပေးပို့ရမည် ဖြစ်ပါသည်။

(စျ)     ဆုရရှိသူများသည် ဖုန်းဘေလ် (၅၀၀၀) လက်ခံရရှိပြီးပါက ရရှိကြောင်းအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန Messenger Chat Box တွင် ပြန်လည် အကြောင်းကြားပေးရမည် ဖြစ်ပါသည်။

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန