05
Jun

၂၀၁၇ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်စာမူများ ဖိတ်ခေါ်ခြင်း

၂၀၁၇ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်စာမူများ ဖိတ်ခေါ်ခြင်း

     သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သော “Connecting People to Nature” (တို့ကမ္ဘာမြေတစ်ခွင် သာယာလှစေဖို့ သဘာဝကိုထိန်းသိမ်းစို့) ခေါင်းစဉ်ဖြင့် အလွတ်တန်းဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲအား ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာ သဘာဝ၏ သာယာလှပမှုနှင့် သက်ရှိသက်မဲ့အားလုံးအတွက် အရေးပါမှုကို ကျေးဇူးတင်ရှိရန်၊ မိမိတို့ သည်လည်း သဘာဝ၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သဘာဝကို မည်သည့်အတိုင်းအတာအထိ နက်နက် ရှိုင်းရှိုင်း မှီခိုနေရသည်ကို သိရှိနားလည်စေရန်နှင့် ချစ်ခင်မြတ်နိုးတတ်စေရန် ဖြစ်ပါသည်။

သို့ပါ၍ ယခုနှစ်ဆောင်ပုဒ်၏ ရည်ရွယ်ချက်များနှင့် အသိပေးနှိုးဆော်ချက်များကို ပြည်သူအများ သိရှိဆောင်ရွက်နိုင်ကြစေရန်ရည်ရွယ်ချက်ဖြင့် အဆိုပါဆောင်ပုဒ်နှင့်စပ်လျဉ်းသည့် မိမိတို့ ရေးသား တင်ပြလိုသည့် အချက်အလက်များ၊ သာဓကများပါဝင်သော အလွတ်တန်းဆောင်းပါးနှင့် စာစီစာကုံး များကို ရေးသားပေးပို့ယှဉ်ပြိုင်ကြရန် ဖိတ်ခေါ်အပ်ပါသည်။

ဆောင်းပါးများကို A4 ဆိုဒ် စာမျက်နှာ အနည်းဆုံး ၁၀ မျက်နှာမှ အများဆုံး ၁၅ မျက်နှာ အထိလည်းကောင်း၊ စာစီစာကုံးများကို A4 ဆိုဒ် စာမျက်နှာ အနည်းဆုံး ၅ မျက်နှာမှ အများဆုံး ၇ မျက်နှာအထိလည်းကောင်း၊ ကွန်ပျူတာစာလုံး Myanmar Unicode (Myanmar 2) သို့မဟုတ် Win-Innwa စာလုံးအရွယ်အစား-၁၈ (Fontsize 18)၊ ကွန်ပျူတာစာလုံး Myanmar Unicode (Myanmar 3) စာလုံးအရွယ်အစား-၁၄ (Fontsize 14)၊ စာကြောင်းအကွာအဝေး ၁.၅ (Line Spacing 1.5)၊ စာရွက်ဘောင်ဆိုဒ် ၁ လက်မပတ်လည် (Margins 1” ပတ်လည်) ဖြင့် ကွန်ပျူတာ စာစီ၍ ရေးသားပေးပို့ရန်ဖြစ်ပါသည်။

ပြိုင်ပွဲဝင်စာမူများပေးပို့ရာတွင် စာမူ (Hard copy) နှစ်စုံနှင့် CD ဖြင့် (Soft copy) တစ်ချပ်၊ ပြိုင်ပွဲဝင်သူ၏အမည်၊ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ကာလာဓာတ်ပုံ ၃ ပုံ (၁.၅” x ၂”ဆိုဒ်)၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်တို့နှင့်အတူ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ရုံးအမှတ်-၅၃၊ နေပြည်တော်၊ (တယ်လီဖုန်းအမှတ်၊ ၀၆၇-၄၃၁၃၂၅၊ ၀၆၇-၄၃၁၃၂၁၊ ၀၆၇-၄၃၁၃၁၈၊ ဖက်စ်အမှတ်၊ ၀၆၇-၄၃၁၃၂၁၊ ၀၆၇-၄၃၁၃၂၄၊ ၀၆၇-၄၃၁၃၂၂၊ အီးမေးလ် pcd.ecd.mm @gmail.com)သို့ ၂၀၁၇ ခုနှစ်၊ မေလ ၁၉ ရက်(သောကြာနေ့) နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ (သတ်မှတ်ရက် ကျော်လွန်ပြီး စည်းကမ်းချက်များနှင့် မပြည့်စုံသော ပြိုင်ပွဲဝင် ဆောင်းပါးများ၊ စာစီစာကုံးများအား ထည့်သွင်း စဉ်းစားမည်မဟုတ်ပါ။)

ဆုရရှိသူများကို ၂၀၁၇ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ထိုက်တန်စွာ ဆုချီးမြှင့်မည် ဖြစ်ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန