05
Jun

၂၀၁၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနား နေပြည်တော် ၂၀၁၆၊ ဇွန်လ၅ရက်

 ၂၀၁၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇွန်လ ၅ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် Grand Ball Room ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါ သည်။

        အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ဆုရပုဂ္ဂိုလ်များ၊ ကျောင်းသား/ ကျောင်းသူလူငယ်များ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

       နိုင်ငံတော်သမ္မတကပြောကြားရာတွင် တောရိုင်းတိရစ္ဆာန်များ တရားမဝင်ရောင်းဝယ်ဖောက်ကားမှု အခြေအနေများနှင့်ပတ်သက်ပြီး နိုင်ငံတကာလေ့လာတွေ့ရှိမှုများ အနေဖြင့် နှစ်စဉ်နှစ်တိုင်း ကြံ့ကောင်ရေတစ်ထောင်ကျော်နှင့် အာဖရိကဆင်သုံးသောင်းခွဲကျော်ဟာ အမဲလိုက် သတ်ဖြတ်ခြင်းကိုခံရပါကြောင်း၊ ယခုအခါ ဂမ်ဘီယာ၊ ဘိုကီနာဖာဆို၊ ဘီနင်နဲ့ တိုဂိုနိုင်ငံများတွင် ချင်ပန်ဇီမျောက်များ မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်ပါကြောင်း၊ ဝက်ဝံသုံးထောင်ခန့် နှစ်စဉ်ဆုံးရှုံးနေပါကြောင်း၊ အာရှနိုင်ငံအချို့၏ ဈေးဆိုင်ခန်းများတွင် ကျားအရေခွံများ၊ ဧရာမပင်လယ် လိပ်ခွံကြီးများကို တွေ့မြင်နေရပါကြောင်း၊ အဆိုပါပုံရိပ်များသည် တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှုသည် မိမိတို့ကမ္ဘာမြေ၏ အဖိုးတန်လှသော ဇီဝမျိုးစုံမျိုးကွဲများ လျော့ပါးခြင်းနှင့် မျိုးသုဉ်းခြင်းအခြေအနေ ရောက်ရှိနေသည်ကို သတိပေးနေပါကြောင်း၊ အာရှမှောင်ခို စျေးကွက်တွင် ဆင်စွယ်တစ်ကီလိုဟာ ဒေါ်လာနှစ်ရာ့နှစ်ဆယ်လောက်ပေါက်ပြီး ကြံ့ချို တစ်ကီလိုကို ဒေါ်လာခြောက်သောင်းလောက် ပေါက်နေသောကြောင့် ရေွှနှင့်ပလက်တီနမ်တို့ထက် များစွာပိုစျေးကြီးပါကြောင်း၊ တောရိုင်းတိရစ္ဆာန်နှင့်အပင်များ တရားမဝင်ကူးသန်းရောင်းဝယ် နေမှုအတွက် တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် သုံးစွဲနေသော ငွေကြေးပမာဏသည် တစ်နှစ်လျင် အမေရိကန် ဒေါ်လာ(၂၀) ဘီလီယံရှိပြီး မူးယစ်ဆေးဝါး၊ လက်နက်နှင့်လူကုန်ကူးမှု စသော လုပ်ငန်းများ ပြီးပါက ကမ္ဘာ့စတုတ္ထမြောက် အကြီးမားဆုံး တရားမဝင်ကုန်သွယ်မှုလုပ်ငန်း ဖြစ်နေပါကြောင်း၊ အနာဂတ်မှာ မြန်မာနိုင်ငံအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒနှင့် မဟာဗျူဟာမူဘောင်များ၊ စီမံချက်များကို UNDP နှင့်လည်းကောင်း၊ ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာမဟာဗျူဟာနှင့် အကောင်အထည်ဖော်ဆောင်ရေးစီမံချက်ကို UNEP၊ UN-Habitat၊ EU တို့နှင့်လည်းကောင်း၊ အစိမ်းရောင်စီးပွားရေးမူဝါဒနှင့် မဟာဗျူဟာ မူဘောင်များကို World Wildlife Fund (WWF) နှင့်လည်းကောင်း၊ အမျိုးသားအဆင့်နှင့် မြို့ပြအဆင့် စွန့်ပစ် ပစ္စည်းစီမံခန့်ခွဲရေးမဟာဗျူဟာများနှင့် စီမံချက်များကို UNEP၊ IGES (Institute for Global Environmental Strategy) တို့နှင့်လည်းကောင်း၊ အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများ စနစ်တကျသိမ်းဆည်းရေး စီမံချက်ကို နော်ဝေအမျိုးသားပတ်ဝန်းကျင် ထိန်းသိမ်းရေးအေဂျင်စီ National Environmental Agency of Norway နှင့် လည်းကောင်း အသီးသီးပူးပေါင်းပြီး ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ရည်မှန်းချက် သစ်တွေ၊ ခွန်အားသစ်တွေနဲ့ ကျင်းပပြီး ကျွန်တော်တို့ဟာ Rio Plus 20 ညီလာခံ၊ နောက်ဆက်တွဲ ပါရီသဘောတူညီချက်နဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တွေ (SDGs) က ရရှိတဲ့ အရှိန် အဟုန်တွေကို ရယူရမှာဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်နဲ့ ဇီဝမျိုးစုံမျိုးကွဲများ စောင့်ရှောက်ခြင်း အပါအဝင် မိမိတို့ရဲ့ ပတ်ဝန်းကျင်ကိုပါ ကာကွယ်စောင့်ရှောက်ဖို့အတွက် အမျိုးသားရေး မဟာဗျူဟာတွေချမှတ်ပြီး အားလုံးပါဝင်ကြိုးပမ်းရမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

    မိမိတို့ရဲ့ နောင်လာနောက်သားတွေ သာယာဝပြောတဲ့ အနာဂတ်ရရှိစေဖို့အတွက် ကမ္ဘာပေါ်ရှိသက်ရှိအားလုံးကို ထိန်းသိမ်းရေးဆိုတဲ့ ဘုံလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာမှာ အစိုးရတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းစုတွေအပြင် ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ အနာဂတ်မျိုးဆက်များအတွက် သက်ရှိမျိုးစိတ်အားလုံးကို ထိန်းသိမ်းဖို့ရာ တတ်နိုင်တဲ့ဖက်က ကူညီကြဖို့ အားလုံးကိုတောင်းဆိုပါကြောင်း၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်တွေတရားမဝင် ရောင်းဝယ်ဖောက်ကားနေမှုကို လုံးဝလက်မခံဘူးဆိုသည်ကိုပြသပြီး အပြောင်းအလဲဖြစ်အောင် လုပ်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

      အခမ်းအနားတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊ Mr. Ban Ki-Moon ၏ သ၀ဏ်လွှာကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ဌာနေညွှန်ကြားရေးမှူး၊ Mr.ToilyKurbanov က လည်းကောင်း၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး၊ Mr. Achim Steiner ၏ သ၀ဏ်လွှာကို ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ခေတ္တညွှန်ကြားရေးမှူး၊ Ms. Isabelle Louis ကလည်းကောင်း အသီးသီးဖတ်ကြားကြပါကြောင်း၊ ထို့နောက် ၂၀၁၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါး ပြိုင်ပွဲပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို နိုင်ငံတော်သမ္မတကလည်းကောင်း၊ အလွတ်တန်း ဆောင်းပါးပြိုင်ပွဲအထူးဆုရရှိသူကို ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ခေတ္တညွှန်ကြားရေးမှူး၊ Ms. Isabelle Louis ကလည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲ အထူးဆုရရှိသူများကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ဌာနေညွှန်ကြားရေးမှူး၊ Mr.ToilyKurbanov ကလည်းကောင်း အသီးသီးဆုချီးမြှင့်ပေးကြပါကြောင်း၊ ဆက်လက်၍ အစီအစဉ်အရ တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ တရားမဝင်ကုန်သွယ်မှုဆိုင်ရာ အသိပညာပေးဗီဒီယို ပြသပါကြောင်း၊ ထို့နောက် အမှတ်တရဓာတ်ပုံရိုက်ကူးကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုကာ အခမ်းအနား အစီအစဉ် ပထမပိုင်းကို နံနက် ၁၁:၁၅ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

     အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပရာ နေ့လယ်၂:၀၀ နာရီတွင် ၂၀၁၆ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သတင်းရရှိပါသည်။