10
Jun

အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် အပြီးသတ်မူကြမ်း ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော် ၊ သင်္ဂဟဟိုတယ် (၁၀-၆-၂၀၁၆)

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် “ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် အပြီးသတ်မူကြမ်း  ရေးဆွဲရေးဆိုင်ရာ   တတိယအကြိမ်   အလုပ်ရုံဆွေးနွေးပွဲ ”  ဖွင့်ပွဲအခမ်းအနားကို  ၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ နံနက် ၀၉:၀၀နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

   အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်(သတ္တု)၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဥရောပသမဂ္ဂ၊ ကုလသမဂပတ်ဝန်းကျင် အစီအစဉ်၊ ကုလသမဂ္ဂကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂအခြေချနေထိုင်ရေးအစီအစဉ်၊ မြန်မာရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Myanmar Climate Change Alliance-MCCA)၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ကြသည်။

     အစီအစဉ်အရ ဥရောပသမဂ္ဂ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝသယံဇာတ အရင်းအမြစ်များ စီမံခန့်ခွဲမှုအဖွဲ့၏ အစီအစဉ်မန်နေဂျာဖြစ်သူ Ms. Brissonean Delphine နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၊ ဒေသအဆင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာကွန်ယက်၏ ပူးပေါင်းဆောင်ရွက်ရေး အရာရှိဖြစ်သူ Mr. Mozahaurl Alam တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်၍ ဖွင့်ပွဲအခမ်းအနားကို နံနက် (၁၀:၄၅) အချိန်တွင် ရုပ်သိမ်းခဲ့ ပါသည်။

    ဆွေးနွေးပွဲ ဒုတိယအစီအစဉ်အား ဆက်လက်ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၊ ဒေသအဆင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာကွန်ယက်၏ ပူးပေါင်း ဆောင်ရွက်ရေး အရာရှိဖြစ်သူ Mr. Mozahaurl Alam က အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေးဆွဲရေးလုပ်ငန်းစဉ်များနှင့် လုပ်ငန်းစီမံချက် အပြီးသတ် မူကြမ်းအားလည်းကောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှ အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ခန့်မှန်းချက်များအား လည်းကောင်း၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် နည်းပညာအကြံပေးဖြစ်သူ Mr. Ahsan Uddin Ahmed က စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်လာခြင်းများအားလည်းကောင်း အသီးသီး ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးပါသည်။

     ထို့နောက် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်း စီမံချက်ပါ ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးဆိုင်ရာ အဓိက ဆောင်ရွက်ရမည့် အခန်းကဏ္ဍများဖြစ်သော စိုက်ပျိုးရေးနှင့် အစားအစာဖူလုံမှု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် သဘာဝသယံဇာတများ၊ စွမ်းအင်၊ ပို့ဆောင်ရေးနှင့်စက်မှု၊ မြို့ပြတည်ထောင်မှုနှင့် အဆောက်အဦအဦ၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ကျန်းမာရေး၊ ပညာရေးနှင့် အသိပညာပေးခြင်းစသည့် ဘာသာရပ်ဆိုင်ရာအလိုက် အုပ်စုများခွဲကာ အောင်မြင်စွာ ကျင်းပ ပြီးစီးကြောင်း သတင်းရရှိပါသည်။