29
Dec

အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး(ထုတ်လွှတ်မှု)လမ်းညွှန်ချက်များထုတ်ပြန်ခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနသည် လူသားတို့၏ ကျန်းမာရေးနှင့်ဂေဟစနစ် ကောင်းမွန်ရေးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ညစ်ညမ်းမှုမဖြစ်စေရန်အလို့ငှာ နေရာအသီးသီး၏ ဆူညံသံနှင့်တုန်ခါမှု၊ အခိုးအငွေ့ ထုတ်လွှတ်မှုနှင့် အရည်စွန့်ထုတ်မှုများ ထိန်းချုပ်ရေးအတွက် အခြေခံစည်းမျဉ်းအဖြစ် လိုက်နာဆောင်ရွက်နိုင်ရန် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၏ ၂၉-၁၂-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၆၁၅/၂၀၁၅ ဖြင့် ထုတ်ပြန်ထားကြောင်း၊ အဆိုပါလမ်းညွှန်ချက်များကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ဝက်ဘ်ဆိုဒ်ဖြစ်သော www.ecd.gov.mm တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွား ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက် သွားနိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ အပါအဝင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သတင်းရရှိသည်။