16
May

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် ပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှုဆန်းစစ်ချက် (Environmental and Social Impact Assessment-ESIA) အစီရင်ခံစာ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် ပတ်ဝန်းကျင်နှင့် လူမှုရေး

ထိခိုက်မှုဆန်းစစ်ချက် (Environmental and Social Impact Assessment-ESIA) အစီရင်ခံစာနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် ပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှု ဆန်းစစ်ချက် (Environmental and Social Impact Assessment-ESIA) အစီရင်ခံစာနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၀၉:၄၅ နာရီတွင် ဆားလင်းကြီးမြို့နယ်၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် အစီရင် ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်၊ ဒုတိယအဖွဲ့ခေါင်းဆောင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တော၊ သတ္တု၊ စွမ်းအင်ဝန်ကြီး ဦးသန်းထိုက်၊ စစ်ကိုင်းတိုင်း ဒေသကြီးဥပဒေချုပ် ဦးမောင်မောင်လင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဝင်များ ဖြစ်ကြသည့် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမင်းသန်းညွန့်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာစိစစ်သုံးသပ်ရေးအဖွဲ့ ဥက္ကဌ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း နှင့် အဖွဲ့ဝင်များ၊ မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက်နှင့် Myanmar Wanbao Mining Copper Ltd; မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အစီရင်ခံစာ ပြုစုရေးသားသည့် Knight Pie’sold Company မှ အတိုင်ပင်ခံပညာရှင်၊ ဆားလင်းကြီး မြို့နယ်အတွင်းရှိ တုံရွာမ၊ ဆည်တည်း၊ တောကျောင်း၊ အလယ်ရွာ၊ မိုးကြိုးပြင် (မြောက်)၊ အလယ်တော၊ ဝက်မှေး၊ ဝဲကြီး၊ လက်ပံတောင်း၊ မစိုးရိမ်၊ ရွှေလှေ၊ ဖောင်းကတာ၊ ဖောင်းကား(တောင်/မြောက်) နှင့် ကျောက်ဖြူတိုင် ရွာတို့မှ ဒေသခံ ပြည်သူများ၊ လူမှုအသိုက်အဝန်းနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးမှုအစီအစဉ် (Community and Social Development Programme-CSD Programme) မှ ကိုယ်စားလှယ် များ၊ စုစုပေါင်း ၄၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ ဒေသခံရွာသူရွာသားများနှင့် တစ်ဦးချင်းမိတ်ဆက်သည်။ ၎င်းနောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် သတ္တုတွင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန်းထွန်းအောင် က အဖွင့်အမှာစကား ပြောကြားရာတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မတီ၏ အကြံပြုချက်နှင့်အညီ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း နှင့်ပတ်သက်သည့် အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့်ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ ကော်မတီအောက်တွင် သိမ်းဆည်း မြေယာများစိစစ်ရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၊ လူမှုစီးပွားဆိုင်ရာ အကောင် အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့၊ သာသနိကအဆောက်အအုံများ ရွှေ့ပြောင်းခြင်းနှင့် ပြန်လည်တည် ဆောက်ခြင်းအဖွဲ့ဟူ၍ အဖွဲ့လေးဖွဲ့ကို ထပ်မံဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိခေါင်းဆောင်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အနေဖြင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက် ၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကိုတာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ပံတောင်း တောင်ကြေးနီစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် Myanmar Wanbao Mining Copper Ltd; တို့မှ ESIA အစီရင်ခံစာ (မူကြမ်း) ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တရားဝင်တင်ပြခဲ့ပါကြောင်း၊ အဆိုပါ ESIA အစီရင်ခံစာ (မူကြမ်း) ကို နိုင်ငံတော်မှ တရားဝင်ဖွဲ့စည်း ပေးထားသည့် (၃၉) ဦးပါ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာစိစစ်သုံးသပ်ရေးအဖွဲ့မှ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းအား နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ESIA အစီရင်ခံစာ (မူကြမ်း) ပါအချက်အလက်များကို ဒေသခံ ပြည်သူများ သိရှိနိုင်ရန်နှင့် အကြံဉာဏ်များ ရယူလိုသဖြင့် လာရောက် ရှင်းလင်းဆွေးနွေးခြင်း ဖြစ်ကြောင်း၊ ယခု ESIA အစီရင်ခံစာသည် မူကြမ်းအဆင့်သာ ရှိသေးပြီး၊ အစီရင်ခံစာစိစစ်သုံးသပ်ရေး အဖွဲ့၏ အကြံပြုချက်များ၊ ပြည်သူလူထု၏ သဘောထားနှင့် အကြံဉာဏ်များကို ရယူ၍ ပြည့်စုံသော အစီရင်ခံစာတစ်ရပ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားကာ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေ၊ လုပ်ငန်းဆောင်ရွက် ချက်များ၊ ဘက်မလိုက်သော အကဲဖြတ်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ESIA အစီရင်ခံစာ (မူကြမ်း) နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့မှုများ၊ စီမံကိန်းနှင့် ပတ်သက်သည့် တိုင်းတာစစ်ဆေးမှုများ နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ အဖွဲ့ဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး က ပြောကြားရာတွင် အစီရင်ခံစာစိစစ်သုံးသပ်ရေးအဖွဲ့တွင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များ ပါဝင်ပါကြောင်း၊ ESIA အစီရင်ခံစာ (မူကြမ်း) အား ဒေသခံပြည်သူများ အပါအဝင် ပြည်သူတစ်ရပ်လုံး သိရှိနိုင်ရေးအတွက် ESIA အစီရင်ခံစာ (မူကြမ်း) အား အင်္ဂလိပ် ဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာဖြင့် အကျဉ်းချုပ်ကိုလည်းကောင်း စီမံကိန်း Website တွင် တင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့်ပတ်သက်၍ ဖွင့်လှစ်ထားသည့် ဆက်ဆံရေးရုံးတွင်လည်း အစီရင်ခံစာအား လေ့လာနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အရေးကြီး သည့် စီမံကိန်းလုပ်ငန်းဖြစ်သည့်အတွက်ကြောင့် အစီရင်ခံစာစိစစ်သုံးသပ်ရေးအဖွဲ့ အနေဖြင့်စနစ်တကျ သုံးသပ်လျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများအပါအဝင် ပြည်သူတစ်ရပ်လုံး သိရှိနိုင်ရန်အတွက်လည်း အစီရင်ခံစာပါ အချက်အလက်များကို အသိပေးတင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာစိစစ်သုံးသပ်ရေးအဖွဲ့ ဥက္ကဌ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း က ပြောကြား ရာတွင် ယနေ့ လာရောက်ခြင်းသည် ESIA အစီရင်ခံစာ (မူကြမ်း) အပေါ် ကနဦး စိစစ်တွေ့ရှိချက်များ အား ဒေသခံပြည်သူလူထုအား ရှင်းလင်းတင်ပြရန်နှင့် အကြံပြုချက်နှင့် သဘောထားများ ရယူနိုင်ရန် အတွက် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားကာ၊ ESIA အစီရင်ခံစာ (မူကြမ်း) ပါအခန်း (၁၂) ခန်း နှင့်ပတ်သက်၍ စိစစ်သုံးသပ်ချက်များ၊ မြေအရည်အသွေး၊ ရေအရည်အသွေး၊ လေအရည်အသွေး၊ အသံ ဆူညံမှုနှင့်တုန်ခါမှု၊ ဇီဝမျိုးစုံမျိုးကွဲများ၊ လူမှုစီးပွားရေး၊ သတ္တုတွင်းပိတ်သိမ်းခြင်းအစီအစဉ်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် တို့နှင့်ပတ်သက်၍ စိစစ် သုံးသပ်ချက်များအား ရှင်းလင်းတင်ပြသည်။

အစီရင်ခံစာ ပြုစုရေးသားသည့် Knight Pie’sold Company မှ အတိုင်ပင်ခံပညာရှင် Mr. Brett Loney မှ ESIA အစီရင်ခံစာ ပြုစုရေးအဖွဲ့တွင် ဘာသာရပ်ဆိုင်ရာ ပညာရှင်များနှင့် ဖွဲ့စည်း ဆောင်ရွက်မှု၊ ESIA အစီရင်ခံစာ ပြုစုရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်ခဲ့မှုများ၊ အခြေပြုကိန်းဂဏန်းအချက်အလက်များ (Baseline Studies)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် အတွက် အဓိကကျသော ကိစ္စရပ်များ (Key Issues for Environmental Management Plan) အား ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ တက်ရောက်လာသော နယ်မြေဒေသခံကျေးရွာများမှ ကျေးရွာသူ၊ ကျေးရွာသား (၁၈) ဦးတို့မှ သိလိုသည်များ၊ လိုအပ်သည်များကို ဆွေးနွေးတင်ပြ တောင်းဆိုခဲ့ကြသည်။ ၎င်းနောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင် က ဆွေးနွေးမေးမြန်းတောင်းဆိုချက်များအပေါ် ရှင်းလင်းပြောကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို နေ့လည် ၁:၄၅ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။