26
May

ရှမ်းပြည်နယ် ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပခြင်း

 ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်အစိုးရမှ ကြီးမှူး၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အခြားပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ​ညောင်ရွှေမြို့နယ် ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ ပြည်သူလူထုများပူးပေါင်း၍ လေထုညစ်ညမ်းမှုလျော့ချရေး သရုပ်ပြလူထု စုပေါင်းစက်ဘီးစီးပွဲအား ၂၆.၅.၂၀၁၉၊ နံနက် (၀၆:၀၀) နာရီတွင် ညောင်ရွှေမြို့ ကျောက်တိုင်ကွင်းတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပ ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားအပြီးတွင် စက်ဘီးစီးအားကစားမောင်မယ်များနှင့် ရှမ်းပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ညောင်ရွှေမြင်းစီးကလပ်တွင် မန်ဂျန်ရှားအပင် (၁၀၀) အား ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စိုက်ပျိုးခြင်းနှင့် ရှမ်းပြည်နယ်အတွင်း ခရိုင်(၁၃) ခရိုင်နှင့် မြို့နယ် (၅၅) မြို့နယ်တို့တွင် အထိမ်းအမှတ်ပိုစတာ များစိုက်ထူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

  ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ဇွန်လ (၅) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီမှ (၁၁:၀၀) နာရီ အထိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးတို့မှ စာစီစာကုံးပြိုင်ပွဲဆုရရှိသူများ၊ ကျောင်းသား/သူများနှင့် စွန့်ပစ်ပလတ်စတစ်များမှ ပြန်လည်အသုံးပြုနိုင်သည့် အိမ်တွင်းလက်မှုပစ္စည်းများ ဖန်တီးတီထွင်မှု အတွက် ဂုဏ်ပြုဆုရသည့် ကျောင်းများနှင့် စိမ်းလန်းသန့်ရှင်းသောကျောင်း ဂုဏ်ပြုဆုရသည့် ကျောင်းများအား ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနား တက်ရောက်သူ စုစုပေါင်း (၃၀၀) ဦးတက်ရောက်ခဲ့၍ အခမ်းအနားရှိပြခန်းများအား လှည့်လည်ကြည့်ရူအားပေးခဲ့ကြပါသည်။

   အခမ်းအနားအပြီးတွင် ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် ဦးစီးအရာရှိ ဦးအောင်ဇော်လေးတို့က အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ စုစုပေါင်း (၇၂၀)ဦးတို့အား အချိန် (၃) ချိန်ခွဲ၍ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဗွီဒီယိုတို့ကို ပြသခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။