26
Apr

မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ အပြီးသတ်မူကြမ်း ရေးဆွဲရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ

” မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ အပြီးသတ်မူကြမ်း ရေးဆွဲရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ” ကျင်းပခြင်း သတင်းထုတ်ပြန်ချက်

(၂၆-၄-၂၀၁၇၊ သင်္ဂဟဟိုတယ်၊ နေပြည်တော်)

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂအခြေချနေထိုင်မှုအစီအစဉ်၊ မြန်မာရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တို့ ပူးပေါင်းစီစဉ် ကျင်းပသည့် “မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ အပြီးသတ်မူကြမ်း ရေးဆွဲရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ”  ဖွင့်ပွဲအခမ်းအနားကို ၂၆-၄-၂၀၁၇ ရက် နေ့နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့််ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒုတိယရှေ့နေချုပ်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှ ကိုယ်စားလှယ်များ၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကြီးကြပ်မှု ကော်မတီဥက္ကဌများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဦးဆောင်ကော်မတီဝင်များ၊ နည်းပညာလုပ်ငန်းအဖွဲ့ဝင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ စုစုပေါင်း(၁၁၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ လူသားများ၏ လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် ရည်ရွယ်ချက် အမျိုးမျိုးဖြင့် လွန်ခဲ့သော နှစ်ကာလများစွာကတည်းက ဆောင်ရွက်မှုများကြောင့် ကမ္ဘာ့လေထုအတွင်းတွင် မှန်လုံအိမ်အာနိသင် ဖြစ်ပေါ်စေသည့် ကာဗွန်ဓာတ်ငွေ့များသည် ရှိသင့်သည့်ပမာဏထက် အဆပေါင်းများစွာပိုမိုလာသောကြောင့် ကမ္ဘာကြီးပူနွေးမှု(Global Warming)နှင့် အကျိုးဆက်အနေဖြင့် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုဖြစ်စဉ်များ ဆင့်ကဲဆင့်ကဲဖြစ်ပေါ်လာပြီး မိုးခေါင်မှုများ၊ ရေကြီးမှုများအပြင် အယ်လ်နီညို၊ လာနီညာ စသည့် ပုံမှန်မဟုတ်သော ဆိုးဝါးပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များ မြန်မာ နိုင်ငံအပါအဝင် ကမ္ဘာနှင့်အဝှမ်းမှာ ကြုံတွေ့ခံစားရပါကြောင်း၊ မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲ၊ ဆင်းရဲသည့် နိုင်ငံများအနေဖြင့် ဆိုးရွားပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များနှင့် ကြုံတွေ့ရသည့်အခါ သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှုများ များပြားသည့်အပြင် ပြည်သူများ၏ နေ့စဉ်ဘဝ ရှင်သန်နေထိုင်နိုင်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကကျသည့် စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် ကဏ္ဍများကိုပါ ထိခိုက်ပျက်စီးစေသည့်အတွက် အစာရေစာရှားပါးမှု၊ ရောဂါဘယဖြစ်ပွားမှုများ ဆက်လက်ဖြစ်ပေါ်လာပြီး ဆင်းရဲသည့် ပြည်သူများသည် ဤဆိုးကျိုးများကို ပိုမိုခံစားကြရသည့်အတွက် ရေရှည်တွင် ရာသီဥတုပြောင်းလဲမှု တားဆီးလျှော့ချရေးသည် အလွန်အရေးတကြီးဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်လာကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုများကို တုံ့ပြန်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အလွန်အရေးကြီးသည့် ကဏ္ဍအဖြစ် အလေးအနက်ခံယူထားပြီး အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းတွင်ပါဝင်ဆောင်ရွက်လျက်ရှိရာတွင် ၁၉၉၂ ခုနှစ်က ချုပ်ဆိုခဲ့သည့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်းနှင့် ၁၉၉၇ ခုနှစ်က ချုပ်ဆိုခဲ့သည့် ကျိုတိုနောက်ဆက်တွဲစာချုပ်များတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသကဲ့သို့ ၂၀၁၅ ခုနှစ် ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်တွင်လည်း ပါဝင်ဆောင်ရွက်ရန် ပြီးခဲ့သည့် ဧပြီလက လက်မှတ်ရေးထိုးခဲ့ပြီး Ratification အတည်ပြု လက်မှတ်ရေးထိုးရန် ပြင်ဆင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်တွင် ရေးသားပြုစုခဲ့သည့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာကနဦးအမျိုးသားအဆင့်အစီရင်ခံစာအရ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသည့်နိုင်ငံအဖြစ် ရှိနေသေးသည်ကို တွေ့ရှိရသော်လည်း လက်ရှိနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် စက်မှုနှင့် စွမ်းအင်ကဏ္ဍ၊ ပို့ဆောင်ရေးနှင့် မြို့ပြဆိုင်ရာကဏ္ဍများတွင် စီမံကိန်းများသည် ပတ်ဝန်းကျင်နှင့် ရာသီဥတုကို အထောက်အကူပြုသည့် အစီအမံများ၊ နည်းပညာများ စနစ်တကျ ချမှတ်ဆောင်ရွက်ခြင်း မရှိခဲ့လျှင် ကာဗွန်ထုတ်လွှတ်မှုများ သိသိသာသာ တိုးတက်မြင့်မားလာမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေး၊ လူမှုရေးဖွံဖြိုးမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီညီဖြင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development Goals) ရရှိစေရေးအတွက် အနာဂတ် ဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲချမှတ် အကောင်အထည်ဖော်ရာတွင် ရာသီဥတုပြောင်းလဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့် ကိစ္စရပ်များကို မဖြစ်မနေ ထည့်သွင်းစဉ်းစားပြီး အလေးထား ဆောင်ရွက်ရန် လိုအပ်လာပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်ဒဏ်ကို ခံစားရန် အလွယ်ကူဆုံးနိုင်ငံ (Most Vulnerable Countries) စာရင်းတွင်ပါဝင်နေပြီး လက်တွေ့တွင်လည်း ရာသီဥတုပြောင်းလဲမှုဆိုးကျိုးများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုကြုံတွေ့လာရသည့်အတွက် အမျိုးသားအဆင့်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် လက်ရှိ ပြောင်းလဲ လာသည့် ရာသီဥတုနှင့်လိုက်လျောညီထွေရှိစေရေး၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိရေး စသည့် ကိစ္စရပ်များကို ကဏ္ဍအလိုက် စနစ်တကျထည့်သွင်း ပေါင်းစပ် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိမှုများ ဖွံ့ဖြိုးတိုးတက်လာပြီး အလုံးစုံပါဝင်သည့်၊ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် ကာဗွန်လျော့ပါးသည့် ဖွံ့ဖြိုးမှုလမ်းကြောင်းကို ရောက်ရှိစေရေးအဓိကရည်မှန်းပြီး မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာနှင့်လုပ်ငန်းအစီအစဉ်(၂၀၁၆-၂၀၃၀)ကိုရေးဆွဲခဲ့ရာအပြီးသတ်မူကြမ်း ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်နိုင်ရန်အမျိုးသားအဆင့်၊တိုင်းဒေသကြီး ပြည်နယ်အဆင့်နှင့် လုပ်ငန်းကဏ္ဍအသီးသီး၏ ရေတို ရေရှည် စီမံချက်လုပ်ငန်းများတွင် ထည့်သွင်း ပေါင်းစပ် အကောင်အထည်ဖော်နိုင်ရေးအတွက် ရေရှည်တွင် ခိုင်မာသည့် လမ်းညွှန်မူဝါဒတစ်ရပ် ချမှတ်နိုင်ရေးအတွက် MCCA အစီအစဉ်အရ ဗြိတိန်နိုင်ငံအခြေစိုက် International Institute for Environment and Development (IIED)မှ ပညာရှင်များ၏ အကူအညီဖြင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှစ၍ နည်းပညာလုပ်ငန်းအဖွဲ့များ၊ ရာသီဥတုပြောင်းလဲမှုနှင့် အဓိကသက်ဆိုင်သည့် ဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပြီး ရရှိသည့် အကြံဉာဏ်သဘောထားများကို ထည့်သွင်းပြင်ဆင်ဖြည့်စွက်၍ ဤမူဝါဒအား အပြီးသတ်မူကြမ်းရေးဆွဲပြီး မူဝါဒနှင့်အတူ မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်ကို အတည်ပြုထုတ်ပြန်နိုင်ရေးအတွက် အထက်အဆင့်ဆင့်ကို ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့့် လုပ်ငန်းဌာန၊ အဖွဲ့အစည်းများနှင့် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ ကိုယ်စားလှယ်များ၏ စေတနာထက်သန်မှုနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးအကြံပြုမှုများသည် မိမိတို့ နိုင်ငံတော်အတွက်လိုအပ်နေသည့် ရာသီဥတုပြောင်းလဲမှုနှင့်စပ်လျဉ်းပြီး ပြည့်စုံခိုင်မာသည့် လမ်းညွှန်မူဝါဒ တစ်ရပ်ပေါ်ထွက်လာစေရန် ကြီးမားသည့်အထောက်အပံ့ဖြစ်မည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအတွက် ပြည့်စုံ ခိုင်မာသည့် လမ်းညွှန် မူဝါဒတစ်ရပ် မကြာမီ ချမှတ်ပြဌာန်းနိုင်ရေးအတွက် တက်ရောက်လာသူ အားလုံးအနေဖြင့် မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒနှင့်စပ်လျဉ်း၍ မိမိတို့နှင့် သက်ဆိုင်ရာ နယ်ပယ်ရှုထောင့် အသီးသီးမှ ဆွေးနွေးအကြံပြုပေးကြဖို့ တိုက်တွန်းလိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ အစီအစဉ်အရ ဥရောပသမဂ္ဂမှ Ms. Brissonneau Delphine၊ အာရှ ပစိဖိတ်ဒေသ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်မှ Deputy Regional Director ဖြစ်သူ Ms. Isabelle Louis နှင့် ကုလသမဂ္ဂအခြေချနေထိုင်မှု အစီအစဉ် Country Programme Manager ဖြစ်သူ Mr. Bijay Karmacharya တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား  ပြောကြားပြီး ဖွင့်ပွဲအခမ်း အနားကို နံနက် (၁၁:၁၅) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ဆွေးနွေးပွဲကို နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် ဆက်လက်ကျင်းပရာ မြန်မာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်မှ နည်းပညာအကြံပေး အရာရှိချုပ်ဖြစ်သူ Mr. Pasquale Capizzi မှ မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတု​ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် (၂၀၁၆-၂၀၃၀) နှင့်စပ်လျဉ်း၍ အပြီးသတ်မှုကြမ်းရေးဆွဲပြီးစီးမှုဆိုင်ရာ အဆင့်ဆင့် ဆောင်ရွက်တိုးတက်ခဲ့မှုများကိုလည်းကောင်း၊ မြန်မာရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်မှ အကြံပေးပညာရှင်ဖြစ်သူ Dr. Achala Abeysinghe မှ မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒမူကြမ်းရေးဆွဲပြုစုဆောင်ရွက်တိုးတက်မှုများ နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များက ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေး အကြံပြုကြပါသည်။

ထို့နောက် ဆွေးနွေးမှုရလဒ်များကို စုစည်းသုံးသပ်ဆွေးနွေးပြီး အလုပ်ရုံဆွေးနွေးပွဲကို (၁၅:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန