06
Feb

ပတ်ဝန်းကျင်အရည်အသွေး စံချိန်စံညွှန်းရေးဆွဲခြင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများ

ပတ်ဝန်းကျင်အရည်အသွေး စံချိန်စံညွှန်းရေးဆွဲခြင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများ

၁။        သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ ဥပဒေ၊ တိကျတိုင်းတာမှု နည်းဥပဒေများ ပြဌာန်းရေးနှင့် နည်းပညာ ဆပ်ကော်မတီများ ဖွဲ့စည်းရေး ကြိုတင်ညှိနှိုင်းအစည်းအဝေး၏ဆုံးဖြတ်ချက်အရ နည်းပညာ ဆပ်ကော်မတီ (၁၉)ခုကို ဖွဲ့စည်းခဲ့ပါသည်။

၂။         ပတ်ဝန်းကျင်အရည်အသွေး စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ ပထမ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၃ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များ စုစုပေါင်း (၃၂)ဦး တက်ရောက်ခဲ့ ကြပါသည်။ ပတ်ဝန်းကျင်အရည်အသွေး စံချိန်စံညွှန်းရေးဆွဲရေး လုပ်ငန်းအစီအစဉ် (Work Plan)နှင့် မည်သည့်အကြောင်းအရာကို ဦးစားပေးဆောင်ရွက်မည်၊ သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ လက်ရှိအသုံးပြုလျက်ရှိသော စံချိန်စံညွှန်းများနှင့် နိုင်ငံတကာတွင် လက်ခံသုံးစွဲလျက် ရှိသော စံချိန်စံညွှန်းများအပေါ် အခြေခံ၍ စံချိန်စံညွှန်းများ ရေးဆွဲနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြ ပါသည်။

၃။        ပတ်ဝန်းကျင်အရည်အသွေး စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ ဒုတိယ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၃ခုနှစ်၊ သြဂုတ်လ(၂၁)ရက်နေ့တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ ကြပါသည်။ စက်မှုလုပ်ငန်းများမှ စွန့်ပစ်ရေ စံချိန်စံညွှန်းများ သတ်မှတ်နိုင်ရန်အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသော အဆိုပြုလွှာပုံစံနှင့် လုပ်ငန်းအစီအစဉ်တို့အား ဖြည့်စွက်နိုင်ရေးတို့အတွက် ဆပ်ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

၄။        ပတ်ဝန်းကျင်အရည်အသွေး စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ တတိယ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၃ခုနှစ်၊နိုဝင်ဘာလ(၁၅)ရက်နေ့တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပတ်ဝန်းကျင် အရည်အသွေး   စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ် ကော်မတီ၏ သက်ဆိုင်ရာဝန်ကြီးဌာန များမှ အဖွဲ့ဝင်များ၊ အာရှဖွံ့ဖြိုးမှုဘဏ် (ADB) မှ Mr. Iain Watson နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့မှ စုစုပေါင်း (၃၂) ဦး တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပတ်ဝန်းကျင်အရည်အသွေး   စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းရပ်များနှင့် အာရှဖွံ့ဖြိုးမှုဘဏ် (ADB) မှ Mr. Iain Watson ၏ ကြားကာလ အသုံးပြုမည့် ပတ်ဝန်းကျင် အရည်အသွေး စံချိန် စံညွှန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများအား ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။