09
Feb

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၏ လုပ်ငန်းဆောင်ရွက်မှု

မြန်မာနိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဖြစ်နိုင်ခြေရှိသည့် ဆန်းစစ်ချက် အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

(၉-၂-၂၀၁၇)

  နိုင်ငံတော်၏ စီးပွားရေးကိုအထောက်အကူပြုစေမည့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်နိုင်မှု ဖြစ်နိုင်ခြေရှိသည့် လုပ်ငန်းကဏ္ဍများနှင့် ဦးစားပေးကဏ္ဍများ ဖော်ထုတ်သတ်မှတ်နိုင်ရေးအတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (Global Green Growth Institute-GGGI) တို့ ပူးပေါင်းစီစဉ်ကျင်းပသော “မြန်မာနိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု အလားအလာဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ယနေ့နံနက် ၀၉၀၀ နာရီတွင် နေပြည်တော်၊ ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်အမှာစကားပြောကြားပါသည်။

   အမြဲတမ်းအတွင်းဝန်ကအမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုပြဿနာများ၊ ညစ်ညမ်းမှု၊ အထူးသဖြင့် ကမ္ဘာ့လေထုအတွင်း မှန်လုံအိမ်ဓာတ်ငွေ့အလွန်များပြားသောပမာဏဖြင့် တည်ရှိလာမှုကြောင့်ဖြစ်ပေါ်လာသည့် ကမ္ဘာကြီးပူနွေးလာမှုနှင့် နောက်ဆက်တွဲ ရာသီဥတုပြောင်းလဲလာမှုကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့်ကြုံတွေ့နေရကြောင်း၊ ယင်းပြဿနာများသည် သက်ရှိလောက ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမှုလျှော့ချရေးတို့အတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်လာပြီး ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ရရှိစေရေးအတွက် စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုသာမက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မဖြစ်မနေအလေးထားဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေကြောင်းကို သတိပေးနေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိသလို အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးကိုလည်းမြှင့်တင်နိုင် ရန်နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုလုပ်ငန်းဖွံ့ဖြိုးမှုနှင့် မြို့ပြဖွံ့ဖြိုးမှုတို့သည် အလွန်လျင်မြန်စွာတိုးတက်ဖြစ်ပေါ်လာသလို တိုးပွားလာသည့် အကြီးစားရင်းနှီးမြှုပ်နှံမှုအများစုသည် သဘာဝအရင်းအမြစ်များကို အခြေခံသောလုပ်ငန်းများဖြစ်ပြီး စက်မှုလုပ်ငန်းများနှင့် မြို့ပြဒေသကထွက်ရှိလာသော စွန့်ပစ်ပစ္စည်းပြဿနာသည်လည်း တစ်ဖြည်းဖြည်း နှင့်ကြီးထွားလာကြောင်း၊ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်၏ဒဏ်ကို အပြင်းထန်ဆုံးခံစားရနိုင်သောနိုင်ငံများတွင် ပါဝင်နေသည့်အပြင် လက်တွေ့တွင်လည်း ရာသီဥတုပြောင်းလဲမှုကို တွေ့ကြုံနေရသည့်အတွက် အမျိုးသားအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင်  ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ကဏ္ဍအလိုက် စနစ်တကျ ထည့်သွင်းပေါင်းစပ်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်လာကြောင်း၊ ယင်းသို့ ဆောင်ရွက်သွားနိုင်မှသာ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟူသည့် မဏ္ဍိုင်ကြီး (၃) ရပ်ဟန်ချက်ညီညီဖြင့် ဖွံ့ဖြိုးလာမှာဖြစ်ပြီး ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုရရှိနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်ဒုတိယသမ္မတ(၁) ဦးဆောင်သော အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ(၆)ခုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီများကိုဖွဲ့စည်းပြီး ဗဟို၊ လုပ်ငန်းကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊နေပြည်တော်ကောင်စီနယ်မြေအလိုက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မူဝါဒနှင့် မဟာဗျူဟာဖွံ့ဖြိုးရေးအတွက် ၁၉၉၄ ခုနှစ် အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒကိုအခြေခံသော ပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်၏ နည်းပညာအကူအညီဖြင့် ရေးဆွဲဆောင်ရွက်လျက်ရှိသလို ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်နှင့် ကုလသမဂ္ဂအခြေချနေထိုင်မှုအစီအစဉ်တို့နှင့်ပူးပေါင်း၍ အမျိုးသား အဆင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲလျက်ရှိကြောင်း၊ ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထောက်အပံ့ (WWF)၏ နည်းပညာပံ့ပိုးမှုဖြင့် အမျိုးသားအဆင့်အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်ကိုရေးဆွဲနေပြီး အမျိုးသားအဆင့်နှင့်မြို့တော်အဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များကိုလည်း ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်ထိန်းသိမ်းရေး မဟာဗျူဟာအဖွဲ့(IGES)၏ နည်းပညာအကူအညီဖြင့် ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေပိုင်းဆိုင်ရာ ရေးဆွဲဆောင်ရွက်မှုများ၊ ပညာပေးရေးနှင့် အသိပညာပြန့်ပွားရေးတို့ကိုလည်း ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပြီး ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စစ်ဆေးကြပ်မတ်မှုများကို ဆိုင်ရာကဏ္ဍအလိုက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်အကျိုးရှိစွာ ရရှိအသုံးပြုနိုင်မှု အခိုင်အမာရှိနေစေသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟု ခံယူထားသည့်အလျောက် နိုင်ငံအတွင်း အစိမ်းရောင်စီးပွားရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာစေရေးနှင့် ယင်းလုပ်ငန်းများတွင် ပုဂ္ဂလိကနှင့်ပြည်သူများ၏ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာစေရန် အထူးလိုလားလျက်ရှိကြောင်း၊ သို့ဖြစ်၍ အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့် အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်ကို ရေးဆွဲနေစဉ်မှာပင် နိုင်ငံအတွင်းစီးပွားဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေမည့် အစိမ်းရောင်ဖွံ့ဖြိုးမှုအတွက် အလားအလာ ရှိသောကဏ္ဍများကို လေ့လာဆန်းစစ်ဖော်ထုတ်သတ်မှတ်နိုင်ရန်နှင့် ဦးစားပေးသတ်မှတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ယခုအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကမ္ဘာလုံးဆိုင်ရာအစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (Global Green Growth Institute-GGGI) တို့၏ ပူးပေါင်းဆောင်ရွက်မှု ပထမအဆင့်ဖြစ်ပြီး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ၆ နှစ် သက်တမ်းရှိ နားလည်မှုစာချွန်လွှာကို နှစ်ဖက်တာဝန်ရှိသူများက ယနေ့လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း စီးပွားဖွံ့ဖြိုးရေးကိုအထောက်အကူဖြစ်စေမည့် အစိမ်းရောင်ဖွံ့ဖြိုးမှုအတွက် အလားအလာရှိသောကဏ္ဍများကို ဖော်ထုတ်သတ်မှတ်၍ ဦးစားပေးရွေးချယ်နိုင်ရေးအတွက်  တိကျခိုင်မာသော သတင်းအချက်အလက်များကို လေ့လာဆန်းစစ်နိုင်မှုနှင့် လုပ်ငန်းဌာနအသီးသီးမှ ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုမှုသည် အထူးအရေးပါကြောင်း၊ ယနေ့ အလုပ်ရုံဆွေးနွေးပွဲမှ နိုင်ငံတော်အတွင်း လူမှုစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမည့် အစိမ်းရောင်ဖွံ့ဖြိုးမှု ဖြစ်နိုင်ခြေရှိသည့် လုပ်ငန်းကဏ္ဍများကို ဆွေးနွေးဖော်ထုတ်နိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ ဆိုင်ရာကဏ္ဍအလိုက် အစိမ်းရောင်ဖွံ့ဖြိုးမှုအတွက် အလားအလာရှိသော၊ သင့်လျော်ကိုက်ညီသော ကဏ္ဍများကို သတ်မှတ်ဆောင်ရွက်သွားနိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာဆွေးနွေးပေးကြရန် တိုက်တွန်း ပါကြောင်း ပြောကြားပါသည်။

    အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်နှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဌာနများမှကိုယ်စားလှယ်များ၊ ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း(Global Green Growth Institute-GGGI) ညွှန်ကြားရေးမှူးချုပ် Mr. Frank Rijsberman နှင့် အဖွဲ့ဝင်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၉၀ ဦးခန့်တက်ရောက်ပါသည်။

  အစီအစဉ်အရ ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း(Global Green Growth Institute-GGGI) ညွှန်ကြားရေးမှူးချုပ် Mr. Frank Rijsberman မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး GGGI မှ Mr. Phillip နှင့် Mr. Jan Stelter တို့က မြန်မာနိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအလားအလာ ဆန်းစစ်လေ့လာဆောင်ရွက်ခဲ့မှုများကိုလည်းကောင်း၊ အစိမ်းရောင်ရာသီဥတုပြောင်းလဲမှုရန်ပုံငွေအဖွဲ့မှ Mr. Binu Parthan မှ ရာသီဥတုပြောင်းလဲမှုရန်ပုံငွေနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးထိန်းသိမ်းရေးမဟာဗျူဟာအဖွဲ့အစည်း (IGES) မှ ဒေါက်တာဥမ္မာမေတင်လှိုင်က စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု ဆိုင်ရာမဟာဗျူဟာ လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြန်မာရာသီဥတုပြောင်းလဲမှုပူးပေါင်းဆောင်ရွက်ရေး အကြံပေးအရာရှိချုပ်က ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များ အကျဉ်းချုပ်ကိုလည်းကောင်း ရှင်းလင်းတင်ပြပါသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အစုအဖွဲ့များခွဲကာ မြန်မာနိုင်ငံတွင် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်နိုင်မှု အလားအလာအများဆုံးသောလုပ်ငန်းကဏ္ဍများနှင့် ဦးစားပေး ကဏ္ဍများကို ဆွေးနွေးညှိနှိုင်းဆန္ဒပြုရွေးချယ်သတ်မှတ်ကြပါသည်။

  အလုပ်ရုံဆွေးနွေးပွဲကျင်းပနေစဉ် နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံ၏အခြေအနေနှင့် သင့်လျော်မည့် အမျိုးသားအဆင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်(Intended Nationally Determined Contribution-INDC) အတွက် တိုင်းတာစစ်ဆေးခြင်း၊ အစီရင်ခံခြင်းနှင့် အတည်ပြုခြင်း (Measuring, Reporting and Verification-MRV) စနစ်ကို အထောက်အကူဖြစ်စေမည့် စီမံကိန်းအသစ်စတင်နိုင်ရန်၊ နိုင်ငံအဆင့် (၅)နှစ်စီမံကိန်း ရေးဆွဲရေးမူဘောင်ရေးဆွဲ၍ အစိမ်းရောင်ဖွံ့ဖြိုးတိုး‌တက်ရေးစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှု နှင့် INDC ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လာမည့်နှစ်မှစ၍ ဆောင်ရွက်နိုင်ရန်အပါအဝင် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ (၅)နှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းနှင့် ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း(Global Green Growth Institute-GGGI) ညွှန်ကြားရေးမှူးချုပ် Mr. Frank Rijsberman တို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန