16
Sep

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်မှ အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၆ ရက် နံနက် ၀၉:၀၀ နာရီအချိန်တွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုကော်မတီဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ရီ တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အမြဲတမ်းအတွင်းဝန်က အမှာစကားပြောကြားရာတွင် အိုဇုန်းလွှာပျက်စီးမှုသည် ယနေ့ ကမ္ဘာကြီးတွင်ကြုံတွေ့နေကြရသည့် ပတ်ဝန်းကျင်ဆိုင်ရာ အဓိကပြဿနာတစ်ရပ် ဖြစ်ကြောင်း၊ အိုဇုန်းလွှာသည် အန္တရာယ်ဖြစ်စေသည့် ခရမ်းလွန်ရောင်ခြည်လှိုင်းများကို ၉၇ မှ ၉၉ ရာခိုင်နှုန်းအထိ စုပ်ယူပေးသည့်အတွက် ကမ္ဘာ့သက်ရှိလောကအတွက် မရှိမဖြစ် လိုအပ်သော သဘာဝအကာအရံတစ်ခုဖြစ်ကြောင်း၊ ရေခဲသေတ္တာနဲ့ လေအေးပေးစက်များတွင် အများဆုံး အသုံးပြုခဲ့ကြသည့် ကလိုရိုဖလူရိုကာဗွန်၊ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် ဓာတုဒြပ်ပစ္စည်းများ ကြောင့် ကမ္ဘာ့အိုဇုန်းလွှာသည် ၁၉၇၀ ခုနှစ်များအလွန်မှစ၍ ပါးလွှာ ပျက်စီးလာခဲ့ကြောင်း၊ အိုဇုန်းလွှာပျက်စီးမှုကို ကမ္ဘာ့နိုင်ငံများအားလုံးပူးပေါင်း၍ ပြန်လည်ထိန်းသိမ်းနိုင်ရန် အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာဗီယင်နာကွန်ဗင်းရှင်းကို ၁၉၈၅ ခုနှစ်တွင် သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ လည်းကောင်း၊ “အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီယယ်နောက်ဆက်တွဲ စာချုပ်” ကို ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင်ကနေဒါနိုင်ငံ၊ မွန်ထရီယယ်မြို့၌ ချုပ်ဆို ခဲ့ကြောင်း၊ မွန်ထရီယယ် နောက်ဆက်တွဲ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည် စက်တင်ဘာလ(၁၆)ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံက အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ (International Day for the Preservation of the Ozone Layer) အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ယခုနှစ်အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “အိုဇုန်းလွှာနှင့် ရာသီဥတုကောင်းမွန်ဖို့ကမ္ဘာတစ်ဝန်းလက်တွဲညီညီဆောင်ရွက်စို့”“Ozone and climate: Restored by a World United”ဖြစ်ကြောင်း၊ အိုဇုန်းလွှာပျက်စီးစေသော ကလိုရိုဖလူရို ကာဗွန်(CFC)နှင့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC) အစရှိသည့် ဒြပ်ပစ္စည်း များသည် ရာသီဥတုပြောင်းလဲမှုဖြစ်စေသော မှန်လုံအိမ်အာနိသင်ဖြစ်စေသည့်အတွက် အိုဇုန်းလွှာ ကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှု တားဆီးလျှော့ချရေးကို ကမ္ဘာ့နိုင်ငံများအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားခြင်းဖြစ်ကြောင်း၊ အိုဇုန်းလွှာ ပါးလွှာပျက်စီးလာကြောင်းကို ၁၉၇၀ ခုနှစ်များနောက်ပိုင်းတွင်စတင်သိရှိခဲ့ကြပြီး အန္တာတိကတိုက် အပေါ်ယံရှိ အိုဇုန်းလွှာအပေါက်ကို ၁၉၈၅ ခုနှစ်တွင် ပထမဆုံးတွေ့ရှိခဲ့ကြောင်း၊ အိုဇုန်းလွှာ ပျက်စီးခြင်းကြောင့် လူသားများတွင် ပြင်းထန်သော အရေပြားကင်ဆာ ရောဂါနှင့် မျက်စိတိမ်စွဲမှု၊ ခုခံအားကျဆင်းမှုများ ဖြစ်ပေါ်စေနိုင်သည့်အပြင် သီးနှံထွက်နှုန်း ကျဆင်းခြင်း၊ အဏ္ဏဝါဂေဟ စနစ်ပျက်စီးခြင်းနှင့် ရုပ်ဝတ္ထုပစ္စည်း ယိုယွင်းပျက်စီးခြင်းများ ဖြစ်စေကြောင်း၊ ခရမ်းလွန် ရောင်ခြည်ကျရောက်မှုကြောင့် ကမ္ဘာတွင်နှစ်စဉ်လူဦးရေ ၂ သန်းမှ ၃ သန်းအထိ အရေပြားကင်ဆာ ရောဂါဖြစ်ပွားလျက်ရှိပြီး နှစ်စဉ်ခန့်မှန်းခြေ လူဦးရေ ၆၆၀၀၀ ခန့် သေဆုံးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊ အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီယယ်နောက်ဆက်တွဲစာချုပ်နှင့် ၁၉၉၀ခုနှစ် လန်ဒန်ပြင်ဆင်ချက်၊ ၁၉၉၂ ခုနှစ်ကိုပင်ဟေဂင်ပြင်ဆင်ချက်၊ ၁၉၉၇ ခုနှစ် မွန်ထရီယယ် ပြင်ဆင်ချက်နှင့် ၁၉၉၉ ခုနှစ် ပေကျင်းပြင်ဆင်ချက်တို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများကို ၁၉၉၅ ခုနှစ်မှ စ၍ ပြုလုပ်ခဲ့ပြီး အထိမ်းအမှတ်အခမ်းအနားကို နှစ်စဉ်ဆက်တိုက် ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အိုဇုန်းလွှာပျက်စီးစေသော အဓိကဒြပ်ပစ္စည်း ကလိုရိုဖလူရိုကာဗွန်(CFC) တင်သွင်းမှုကို ၂၀၀၇ ခုနှစ် မှစ၍ ရပ်ဆိုင်းနိုင်ခဲ့ကြောင်း၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၏ နည်းပညာ ပံ့ပိုးမှုဖြင့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC) သုံးစွဲမှု လျှော့ချရပ်ဆိုင်းရေးလုပ်ငန်းစီမံချက် HPMP ကိုရေးဆွဲခဲ့ပြီး အိုဇုန်းလွှာ ပျက်စီးစေသောဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်း အမိန့်ကို ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်စွဲဖြင့်ထုတ်ပြန်ကာ HCFC တင်သွင်းမှုအတွက် လိုင်စင် စနစ်နှင့် ခွဲတမ်းစနစ်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ဆေးဆောင်ရွက်ရမည့် သက်ဆိုင်ရာ ဌာနများမှ ဝန်ထမ်းများအား သင်တန်းပေးခြင်း၊ ရေခဲသေတ္တာနှင့် လေအေးပေးစက် ဝန်ဆောင်မှု လုပ်ငန်းများတွင် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျ ကိုင်တွယ် ဆောင်ရွက်နိုင်မည့်ဆရာဖြစ်နှင့် ဆင့်ပွားသင်တန်းပေးခြင်းတိုကို သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အသိပညာပေး လုပ်ငန်းများနှင့် စောင့်ကြည့်လေ့လာအကဲဖြတ်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မွန်ထရီယယ်နောက်ဆက်တွဲစာချုပ်၏ အောင်မြင်မှုရလဒ် အနေဖြင့် ၁၉၈၆ ခုနှစ်တွင်ကမ္ဘာ့ CFC သုံးစွဲမှုတန် ၁.၁ သန်း ရှိခဲ့ရာမှ  ၂၀၀၁ ခုနှစ်တွင် တန် ၁၅၀၀၀ အထိ လျှော့ချနိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် လုံးဝရပ်ဆိုင်းနိုင်ခဲ့ကြောင်း၊ ယနေ့အထိ ကာဗွန်ဒိုင်အောက်ဆိုဒ် ၁၃၅ ဘီလီယံတန်နှင့် ညီမျှသည့် ထုတ်လွှတ်မှုကို ဖယ်ရှားနိုင်ခဲ့ကြောင်း၊ ယခုရာစုနှစ်လယ်ခန့်တွင် ကမ္ဘာ့အိုဇုန်းလွှာသည် ၁၉၈၀ မတိုင်မီကအခြေအနေသို့ ပြန်လည် ရောက်ရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး ပါဝင်ဆောင်ရွက် လျက်ရှိပြီး အောင်မြင်မှုရလဒ်ကောင်းများရရှိနေသည့် မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်ကို ကမ္ဘာ့အအောင်မြင်ဆုံး အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် တစ်ခုအဖြစ် အသိအမှတ်ပြုထား ကြကြောင်း၊ နောက်တစ်ဆင့် ကြိုးပမ်းဆောင်ရွက်မှုအသစ် အနေဖြင့် လက်ရှိ တွင်ကျယ်စွာ အသုံးပြုလျက်ရှိကြသည့် Global Warming Potential မြင့်မားသောဟိုက်ဒရိုဖလူရိုကာဗွန် အစား Global Warming Potential နည်းပါးပြီး ရာသီဥတုနှင့်ညီညွတ်စေသည့်အပြင် စွမ်းအင်သုံးစွဲမှုစရိတ် သိသိသာသာလျော့ကျစေနိုင်သည့် နည်းပညာများနှင့် ဒြပ်ပစ္စည်းများကို အစားထိုး အသုံးပြုနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ကို လေ့လာတွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများသုံးစွဲမှု လျှော့ချရပ်ဆိုင်းရေးဆိုင်ရာ လက်ရှိနှင့် အနာဂတ် လုပ်ငန်းအစီအစဉ်များတွင် ကမ္ဘာ့နိုင်ငံများနှင့်အတူ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သလို သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် အိုဇုန်းလွှာပျက်စီး စေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းရှင်များ၊ ပြည်သူများအနေဖြင့်လည်း ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များအတွက် ကမ္ဘာ့လေထုအတွင်း အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ကင်းဝေးစေရေးအတွက် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ သုံးစွဲမှုလျှော့ချရပ်ဆိုင်းရေး လုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းပါကြောင်း ပြောကြားပါသည်။

အစီအစဉ်အရ ကုလသမဂ္ဂအခြေချနေထိုင်မှုအစီအစဉ် ဌာနေကိုယ်စားလှယ် Mr. Bijay Karmacharya က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Mr. Ban Ki-Moon ၏ သဝဏ်လွှာကို ဖတ်ကြားပြီး အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ ပညာပေးဗီဒီယိုကို ပြသ ကာ အမှတ်တရဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို နံနက် ၁၀:၃၀ နာရီရုပ်သိမ်းပါသည်။ အခမ်းအနားအပြီးတွင် ဧည့်သည်တော်များသည် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများမှ အခမ်းအနားတွင် ခင်ကျင်းပြသထားသော အိုဇုန်းလွှာထိန်းသိမ်း ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုပြကွက်များကို လှည့်လည်ကြည့်ရှုကြပါသည်။

အခမ်းအနားသို့အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုကော်မတီဝင် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့် နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ စုစုပေါင်း ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။”