08
Jan

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (ပထမအကြိမ်) ဌာနလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း(နေပြည်တော် ဇန်နဝါရီ  ၇-၈)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်(ပထမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၇)ရက် နံနက်(၀၉း၃၀)နာရီတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၈)၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အမှာစကားပြောကြားပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကားပြောကြားရာ၌ နိုင်ငံတော်ရဲ့ ကဏ္ဍအသီးသီးမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားပေါင်းစပ်ဆောင်ရွက်ဖို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနကို ဖွဲ့စည်းပေးခဲ့တာ ယခုဆိုရင် သက်တမ်း(၈)နှစ်ကျော်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုကာလမှာ ပြည်သူလူထုအားလုံးက ကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင်တွေ ထိန်းသိမ်းဖို့ အလေးထား တောင်းဆိုလာမှုနဲ့အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရဲ့ အခန်းကဏ္ဍနဲ့ ဆောင်ရွက် ရမယ့်တာဝန်တွေဟာလည်း ပိုမိုကြီးမားလာတယ်ဆိုတာ အားလုံး သတိပြုမိကြမှာ ဖြစ်ပါကြောင်း၊ ယခုလက်ရှိပစ္စုပ္ပန်မှာ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်နဲ့ ကောင်းမွန်တဲ့ ဂေဟစနစ်တွေကို ထိန်းသိမ်းနိုင်ဖို့နဲ့ အနာဂတ် မျိုးဆက်သစ်တွေအတွက် လက်ဆင့်ကမ်းပေးနိုင်ဖို့ ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒနဲ့ မဟာ ဗျူဟာများ၊ ဥပဒေနဲ့ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနဲ့ လမ်းညွှန်ချက်များ ရေးဆွဲ ချမှတ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ကဏ္ဍအသီးသီးမှာ ထည့်သွင်းပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဟာ ဌာနရဲ့အဓိကတာဝန်ဖြစ်တယ်ဆိုတာ အလေးဂရုပြုရမှာဖြစ်ပါကြောင်း၊

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို ၂၀၁၂-၂၀၁၃ ခုနှစ်မှစ၍ စတင် တည်ထောင်ခဲ့ရာမှာ ယခုဆိုရင် ဝန်ထမ်းအင်အားစုစုပေါင်း (၁၄၁၁)ဦးထိ ရှိလာပြီးတော့ တိုင်းဒေသကြီး/ပြည်နယ်အဆင့် (၁၅)ရုံး၊ ခရိုင်အဆင့်(၄၅)ရုံးနဲ့ မြို့နယ်အဆင့်(၇)ရုံးတို့ကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သလို အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနဲ့ ပင်မလုပ်ငန်းအစီအစဉ်၊ စွန့်ပစ်ပစ္စည်းဆိုင်ရာ မဟာဗျူဟာနဲ့ ပင်မလုပ်ငန်းစဉ်တွေ ထုတ်ပြန်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဒီမူဝါဒ၊ မဟာဗျူဟာနဲ့ ပင်မလုပ်ငန်းစဉ်တွေကို အခြေခံပြီး ဆက်စပ် ကအသီးသီးမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အစီအမံများကို ပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုဟာ အတိုင်း အတာတစ်ခုအထိ အောင်မြင်မှု ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်တာကို ယခုတက်ရောက်လာတဲ့ အရာထမ်း/ အမှုထမ်းများအားလုံးအနေနဲ့ ဂုဏ်ယူကြရမှာ ဖြစ်ပါကြောင်း၊ အဖွဲ့အစည်း အင်အား ဖြည့်တင်းရေးနဲ့ပတ်သက်လို့ အစိုးရအဖွဲ့မှ အတည်ပြုထားတဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ (၇)နှစ်ကာလ အတွင်း ခရိုင်ရုံး(၄၃)ရုံးနဲ့ မြို့နယ်ရုံး (၁၉၄)ရုံး ဖွင့်လှစ်ရန် လျာထားချက်အပေါ် ဘဏ္ဍာရေးနှစ်အလိုက် ရုံးများဖွင့်လှစ်နိုင်ဖို့၊ ဝန်ထမ်းများ ခန့်ထားနိုင်ဖို့၊ ဘဏ္ဍာငွေရရှိဖို့အတွက် လုပ်ငန်းအစီအစဉ်များနဲ့ ဘဏ္ဍာငွေများကို ထည့်သွင်းလျာထား ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ဖွင့်လှစ်မယ့် ခရိုင်/မြို့နယ်ရုံးတွေကိုလည်း ဘဏ္ဍာနှစ်အတွင်း အချိန်မီဖွင့်လှစ်နိုင်ရေး ဆောင်ရွက် သွားကြဖို့ပြောလိုပါကြောင်း၊

ဒုတိယသမ္မတဦးစီးတဲ့ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ဗဟိုကော်မတီ ဒသမအကြိမ်အထိ ကျင်းပနိုင်ခဲ့ပြီး အစည်းအဝေးများမှ ဆုံးဖြတ်ချက်တွေကို ပြည်ထောင်စုဝန်ကြီးဌာနအဆင့်နဲ့ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့အဆင့်များသာမက ခရိုင်/ မြို့နယ်အဆင့်ထိကဏ္ဍအသီးသီးမှာ ပေါင်းစပ်အကောင်အထည်ဖော်နိုင်ရေးအတွက် တစ်စိုက်မတ်မတ် ညှိနှိုင်းဆောင်ရွက်ဖို့ ပြောကြားလိုပါကြောင်း၊  တစ်ဆက်တစ်စပ်တည်းပြောလိုတာက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဟာ ကဏ္ဍအားလုံးနဲ့ သက်ဆိုင်နေတဲ့အတွက် ခရိုင်နဲ့ မြို့နယ်အဆင့်များတွင် ဆက်စပ် ဌာနများပါဝင်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ဖို့ အလွန်အရေး ကြီး ပါကြောင်း၊ ယခုအခါမှာ မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း(MSDP) ရည်မှန်းချက်တွေ ရရှိဖို့အတွက် ပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ဖို့ “အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ”၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ဖို့ “ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနဲ့ ပင်မလုပ်ငန်းအစီအစဉ်”၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု ကာကွယ်နိုင်ဖို့ “စွန့်ပစ်ပစ္စည်းဆိုင်ရာ မဟာဗျူဟာနဲ့ပင်မလုပ်ငန်းအစီအစဉ်များ”ကို အခြေခံ၍ မိမိတိုင်းဒေသကြီး/ ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေမှာ ပေါင်းစပ်ဆောင်ရွက်နိုင်ဖို့ ထည့်သွင်းရေးဆွဲရေးနဲ့ အစီအမံ တွေကို မြေပြင်ပေါ်မှာ လက်တွေ့ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ NGO၊ CSO များ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ဆက်စပ်ပတ်သက်သူများအားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့ အလေးအနက်ထား ပြောကြားလိုပါကြောင်း၊

ဒါ့အပြင် နယ်ပယ်အသီးသီးရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းတွေမှာ ပတ်ဝန်းကျင်နဲ့ လူမှုရေး ထိခိုက်မှုတွေကို ရှောင်ရှားလျှော့ချ ထိန်းချုပ်နိုင်ဖို့အတွက် ပတ်ဝန်းကျင်ဆိုင်ရာအစီအမံတွေ အပါအဝင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းစဉ်တွေကို အနေအထားတစ်ခုအထိ အောင်မြင်စွာ ပေါင်းစပ်ဆောင်ရွက်နိုင်သလို တစ်ချိန်တည်းမှာပဲ အစီအမံတွေနဲ့အညီ ဆောင်ရွက်နေမှု အခြေအနေ တွေကိုလည်း ကွင်းဆင်းစစ်ဆေးခြင်းတွေကို ဆောင်ရွက်နိုင်ကြတာကို တွေ့ရှိရတဲ့အတွက် အားရမိ ပါကြောင်း၊ အခုဆိုရင် အချို့သော တိုင်းဒေသကြီး/ပြည်နယ်များမှာ သတ္တုအသေးစားနဲ့ လက်လုပ် လက်စားလုပ်ကွက်တွေကို ခွင့်ပြုဆောင်ရွက်ခြင်းဖြင့် ဒေသခံလူတွေရဲ့ အလုပ်အကိုင်၊ လူမှုဘဝ အထောက်အကူပြုမှာဖြစ်သလို တစ်ဖက်မှာလည်း ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု အနည်း ဆုံးနဲ့ ထိန်းချုပ်နိုင်ဖို့အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနအနေနဲ့ သတ္တုကဏ္ဍမှ ဌာန/ လုပ်ငန်းများနဲ့ပူးပေါင်း၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တွေကိုတင်ပြပြီး ပတ်ဝန်းကျင်ဆိုင်ရာ အစီအမံတွေကို မပျက်မကွက် ပေါင်းစပ်ဆောင်ရွက်ရန် အလေးထားညှိနှိုင်း ဆောင်ရွက်ဖို့ မှာကြား လိုပါကြောင်း၊

ဖြည့်စွက်ပြီး မှာကြားလိုတာကတော့ ယခုဘဏ္ဍာနှစ် လျာထားချက်ပါ အဆောက်အဦ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်းတွေမှာ တင်ဒါလုပ်ထုံးလုပ်နည်းအတိုင်း သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် အဂတိကင်းစွာဖြင့် ဆောင်ရွက်ကြဖို့၊  ယခုပွင့်လင်းရာသီမှာ မီးလောင်ကျွမ်းမှုတွေ ထိန်းချုပ်နိုင်ရေးအတွက် ဆိုင်ရာဌာနတွေနဲ့ပူးပေါင်း၍ အစီအမံများရေးဆွဲဆောင်ရွက်ဖို့၊ လုပ်ငန်းများ အောင်မြင်ရေးအတွက် အရာထမ်း/ အမှုထမ်းများကို နည်းပညာသာမက စီမံအုပ်ချုပ်မှုဆိုင်ရာ စွမ်းဆောင်ရည်တိုးမြှင့်စေဖို့၊ အဂတိကင်းရှင်းစွာနဲ့ မိမိတာဝန်များကို တာဝန်ယူမှု/တာဝန်သိမှု စိတ်ဓာတ်အပြည့်အဝဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြဖို့၊ ဝန်ထမ်းအချင်းချင်းကြားမှာ စည်းလုံး ညီညွတ်စွာဖြင့် ခိုင်မာတဲ့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့အတွက် ဦးစီးဦးဆောင် ကြိုးပမ်းဆောင်ရွက် သွားကြဖို့ မှာကြားလိုပါကြောင်း၊

နိဂုံးချုပ်အနေနဲ့ အမျိုးသား အကျိုးစီးပွား ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေး၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ် ရည်မှန်းချက်တွေကို အပြည့်အဝ အကောင်အထည်ဖော် ပေါင်းစပ်နိုင်ရေးအတွက် အတွေ့အကြုံနဲ့သင်ခန်းစာတွေ၊ အားနည်းချက်နဲ့ အားသာချက်များကို အခြေခံ၍လေ့လာသုံးသပ်ပြီး မူဝါဒနဲ့ဥပဒေဆိုင်ရာ၊ အဖွဲ့အစည်းနဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ၊ EIA အကောင်အထည်ဖော်ရေးနဲ့ စောင့်ကြည့်စစ်ဆေးအရေးယူခြင်းဆိုင်ရာ၊ သဘာဝ သယံဇာတထိန်းသိမ်းရေးဆိုင်ရာ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စတဲ့ ဘက်စုံပါဝင်တဲ့  ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ပြီး ဦးစီးရုံးချုပ်၊ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ ဝန်ထမ်းအားလုံး ချိတ်ဆက် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ မှာကြားတိုက်တွန်း လိုပါကြောင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစီအစဉ်အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားခြင်း၊ ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ညွှန်ကြားရေးမှူးများ၊ တာဝန်ခံ များ၊ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ပူးပေါင်းလုပ်ငန်အဖွဲ့ (ပတ်ဝန်းကျင်) တာဝန်ခံများမှ သက်ဆိုင်ရာ ကဏ္ဍ အလိုက် ဆွေးနွေးတင်ပြခြင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက သုံးသပ်ဆွေးနွေးခြင်းများ ပြုလုပ် ပြီး ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန (ဦးစီးရုံးချုပ်)နှင့် တိုင်းဒေသကြီး/ ပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ တာဝန် ရှိသူ စုစုပေါင်း (၆၀)ဦးတို့က Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ပြီး အစည်းအဝေးကို (၂)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါသည်။