25
Jul

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ သတ်မှတ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခြင်း

တ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ သတ်မှတ်ချက်များနှင့် ပတ်သက်၍ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပခြင်း

(၂၅-၇-၂၀၁၇)

    ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျင်းပသော  ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း၊ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် အစီရင်ခံစာပါအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ/မရှိနှင့်   ” ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ သတ်မှတ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ “ ကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီရုံး၊ ကနောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာတင်မှ အဖွင့်အမှာစကား ပြောကြားပြီး ဒဂုံဆိပ်ကမ်းစက်မှုဇုန်ကော်မတီ၊ အတွင်းရေးမှူး ဦးကျော်စွာမြင့်မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေ၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ သတ်မှတ်ချက်များနှင့်ပတ်သက်၍ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေး​နွေးပြောကြားပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အောင်လေးက ဒဂုံဆိပ်ကမ်းစက်မှုဇုန်အတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်အရ EIA, IEE, EMP ဆောင်ရွက်ရန် ကျန်ရှိသည့် ကုမ္ပဏီများမှ အစီရင်ခံစာ တင်ပြရေးကိစ္စရပ်များနှင့် အစီရင်ခံစာ တင်ပြထားပြီးဖြစ်သည့် ကုမ္ပဏီများမှလည်း ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် (Environmental Management Plan-EMP) ပါစောင့်ကြပ်ကြည့်ရှုမှု အစီအစဉ်အရ ဆောင်ရွက်ရန်ရှိသည်များကို သတ်မှတ်ချိန်ကာလအတွင်းဆောင်ရွက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ အစီရင်ခံစာတင်ပြရေးကိစ္စရပ်များ၊ အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးမှ ဆုံးဖြတ်ထားသော အရက်ချက်လုပ်ငန်း၊ အစားအစာနှင့် အဖျော်ယမကာ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ပိုးသတ်ဆေးအမျိုးမျိုးထုတ်လုပ်ခြင်း၊ ဖော်စပ်ခြင်းနှင့် ထည့်သွင်းထုတ်ပိုးခြင်းလုပ်ငန်း၊ ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်း၊ အဝတ်အထည်ဆေးဆိုးပန်းရိုက်လုပ်ငန်း၊ သတ္တုအရည်ကျိုပုံလောင်းခြင်း လုပ်ငန်း၊ သားရေနယ်စက်ရုံလုပ်ငန်း၊ ပျော့ဖတ်နှင့်စက္ကူထုတ်လုပ်ခြင်းလုပ်ငန်း၊ သကြားစက် လုပ်ငန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) အား သတ်မှတ်ကာလ တစ်ခုအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ တင်ပြရန် လမ်းညွှန်ထားသည့််ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပါသည်။

အခမ်းအနားသို့ ဒဂုံ(ဆိပ်ကမ်း) စက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ၊ စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၉) ဦး တက်ရောက် ခဲ့ပါသည်။

ထို့နောက် ရှင်းလင်းဆွေးနွေးချက်များနှင့်ပတ်သက်၍ မေးမြန်လာမှုအပေါ် ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့က ရှင်းလင်းဖြေကြားခဲ့ပြီး ညွှန်ကြားရေးမှူးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားအား (၁၂:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။