18
May

ဒုတိယအကြိမ် အမျိုးသားအဆင့် အစိမ်းရောင်စီးပွားရေးမူဝါဒနှင့် မဟာဗျူဟာမူဘောင်ရေးဆွဲရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ (Second National Workshop on Developing a Green Economy Policy and Strategic Framework for Myanmar) ကျင်းပခြင်း (၂၀၁၆ ခုနှစ် မေလ ၁၈ ရက်၊ နေပြည်တော်၊ Grand Amara Hotel)

 ၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (World Wide Fund for Nature – WWF) တို့ ပူးပေါင်း၍ အစိမ်းရောင်စီးပွားရေးမူဝါဒနှင့် မဟာဗျူဟာမူဘောင်ရေးဆွဲရေးဆိုင်ရာ (Green Economy Policy and Strategic Framework for Myanmar) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော်၊ Grand Amara Hotel ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် WWF – Myanmar မှ Country Director ဖြစ်သူ Mr. Christy Williams တို့က အဖွင့်အမှာစကား အသီးသီးပြောကြားကြပါသည်။

     ၂။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မှ အဆင့်မြင့်အရာရှိကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ကြပါသည်။

     ၃။ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သော မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် အစိမ်းရောင်စီးပွားရေး လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရေး၊ ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင် အသုံးပြုနိုင်ရေးနှင့်ပတ်သက်၍ အစိမ်းရောင်စီးပွားရေးမူဝါဒနှင့် မဟာဗျူဟာမူဘောင်များ ရေးဆွဲ ချမှတ်နိုင်ရန် ဖြစ်ပါသည်။

    ၄။ ဆွေးနွေးပွဲတွင် အစိမ်းရောင်စီးပွားရေးဆိုင်ရာ နိုင်ငံတကာအတွေ့အကြုံများနှင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတို့အပေါ်အခြေခံ၍ သဘာဝအရင်းအနှီးများ အကဲဖြတ်ခြင်း၊ ပြန်လည်ပြည့်မြဲစွမ်းအင်အသုံးချခြင်းနှင့် မြန်မာနိုင်ငံအမျိုးသားအဆင့် အစိမ်းရောင်စီးပွားရေးဆိုင်ရာမူဝါဒနှင့် မဟာဗျူဟာမူဘောင် ပေါ်ထွက်လာရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြောင်း သတင်းရရှိပါသည်။