29
Dec

ကရင်ပြည်နယ် ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးအဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနား

ကရင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးအဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ (၀၈:၃၀) နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ မဲဘောင်-နောင်ပလိန်လမ်း၊ လှာကမြင်ကွက်သစ်၊ လှာကမြင်ကျေးရွာရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးအဆောက်အဦ၌ ကျင်းပရာ အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးစောဝင်းထိန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဝင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ ပြည်နယ်သစ်တောနှင့်သတ္တုဝန်ကြီး ဦးစောဆာလောလ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ ပြည်နယ်/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ အသီးသီးမှ အကြီးအကဲများ တက်ရောက်ခဲ့ပါသည်။

      အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးစောဝင်းထိန်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီဝင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးစောဝင်းထိန် မှ အမှာစကား ပြောကြားရာတွင် ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီကို လုပ်ငန်းကော်မတီ (၆) ခုဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများအနေဖြင့် အသိပညာပေးဟောပြောပွဲများ၊ စက်မှုလုပ်ငန်းများအားကွင်းဆင်းစစ်ဆေးခြင်းများ၊ အမှိုက် ကောက်ပွဲများ၊ သစ်ပင်စိုက်ပွဲများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အထိမ်းအမှတ်အခမ်းအနားများကို ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိလူသားများနှင့် အနာဂတ် မျိုးဆက်သစ်များ စီးပွားရေး၊ လူမှုရေးဘဝများ ထာဝစဉ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူလူထု တစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

    ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဝင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသက်သက်ဇင် မှ အမှာစကားပြောကြားရာ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများအား ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ မကြာမီ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပတ်ဝန်းကျင်အရည်အသွေး လမ်းညွှန်ချက်တို့အားလည်း ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် လက်ရှိအခြေအနေအရ စွန့်ပစ်ရေဆိုးများအား စနစ်တကျ သန့်စင်ပြီးမှ စွန့်ပစ်ရေး၊ သဘာဝသယံဇာတများကို စနစ်တကျထုတ်ယူသုံးစွဲရေး၊ ဂေဟစနစ်ထိန်းသိမ်းရေးတို့ကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ကမ္ဘာကြီးသည် လူဦးရေတိုးပွားလာမှု၊ တိုးပွားလာသည့်လူဦးရေအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းရန် ကြိုးပမ်းဆောင်ရွက် လာရမှုများကြောင့် သဘာဝသယံဇာတထုတ်ယူသုံးစွဲမှုများပြားလာပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးစေခြင်းသို့ ဦးတည်လျက်ရှိသည်ကို တွေ့မြင်နေရကြောင်း၊ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စီးပွားရေးနှင့် လူမှုစီးပွားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အား အချိုးညီညီထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယနေ့ ၂၁ ရာစုတွင် ရာသီဥတုပြောင်းလဲမှု (Climate Change) သည် ကမ္ဘာ့စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး၊ ဖန်လုံအိမ်ဓါတ်ငွေ့ (Green House Gas-GHG) ထုတ်လွှတ်မှုနှင့် လူနေမှု ပုံစံတို့ကြောင့် ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုပြောင်းလဲမှုများဖြစ်ပေါ်ကာ အကျိုးဆက်အနေဖြင့် မုန်တိုင်း များဖြစ်ပေါ်ခြင်း၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်းနှင့် ကမ္ဘာအနှံ့အပြားတွင် ဂေဟစနစ်ဖောက်ပြန်ခြင်း စသည်တို့ ဖြစ်ပေါ်လာပါကြောင်း၊ အဆိုပါရာသီဥတုပြောင်းလဲမှုကို ကာကွယ်နိုင်ရန်အတွက် ရည်မှန်းချက် များကို ၂၀၃၀ ခုနှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွင် ထည့်သွင်းဖော်ပြထားကြောင်း၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၁ ကြိမ်မြောက် ကုလသမဂ္ဂရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ ညီလာခံ (Conference of the Parties-COP 21) မှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၅ နိုင်ငံမှ ပါဝင်တက်ရောက်ပြီး ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင် နိုင်ငံအားလုံးက လက်ခံဆောင်ရွက် အကောင်အထည်ဖော်နိုင်မည့် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက် မူဘောင်သဘောတူညီချက် အသစ်တစ်ခုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း မှန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချနိုင်ရေး အတွက် တာဝန်ယူမှုတစ်ရပ်အနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေနှင့် သင့်လျော်မည့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Intended Nationally Determined Contribution-INDC) ကိုရေးဆွဲပြီး ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းရုံးသို့ တင်ပြခဲ့ကြောင်း၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ မူဝါဒများ၊ မဟာဗျူဟာများကို ရေးဆွဲချမှတ် နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိရေး ဆောင်ရွက်ရာတွင် ကမ္ဘာ့နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် ရုံးအဆောက်အဦ ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ အမှတ်တရဓါတ်ပုံ ရိုက်ကူးခြင်း၊ အမှတ်တရသစ်ပင်များစိုက်ပျိုးခြင်း၊ အဆောက်အဦအား လှည့်လည်ကြည့်ရှုခြင်းတို့ ဆောင်ရွက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။